တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 18, 2017

အိုင်ဖုန်း 8 မှာ မျက်ဝန်း စကန်နာနဲ့ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်နိုင်ကြောင်း သတင်းများ ထွက်ရှိ




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ – အက်ပဲလ်ရဲ့ထုတ်ကုန် အသစ် ဖြစ်လာမယ့် iPhone 8 မှာ မျက်ဝန်းစကန်နာနဲ့ ကြိုးမဲ့ အားသွင်း စနစ် ပါဝင် လာနိုင်ကြောင်း ထွက်ရှိနေတဲ့ သတင်းတွေရဲ့ဖော်ပြချက် အရ သိရ ပါတယ်။

ဒစ်ဂျစ်တိုင်းစ် သတင်းဌာနရဲ့ ဖော်ပြချက် အရ ဖုန်းရဲ့စခရင် တစ်ခုလုံး မှန်အပြည့်နဲ့ လာမှာဖြစ်ပြီး ကိုယ်ထည်ကို စတီးလ်နဲ့ ဖွဲ့စည်း ထားမယ်လို့ ဆိုပါတယ်။

နောက်ပြီးဘေးဘောင်တွေက အကွေးပုံစံနဲ့ဖြစ်တဲ့အပြင် Home button မပါဝင်နိုင်ဘူးလို့ သတင်းများထွက်ရှိထားပါတယ်။ အဲသည်လိုသာဆိုရင်တော့ အန်းဒရိုက်ဖုန်းတွေလို ဒီဇိုင်းမျိုးနဲ့ ခပ်ဆင်ဆင်အနေအထားမှာ ရှိနိုင်ပါတယ်။

မျက်ဝန်းစကန်နာနည်းပညာကို ဆမ်ဆောင်းရဲ့ galaxy note 7 မှာ ပထမဆုံးပါဝင်ခဲ့တဲ့ ဖီးချားဖြစ်ပါတယ်။ ဟွာဝေးရဲ့ မော်ဒယ်မြင့် ဖုန်းတစ်လုံးကလည်း ဆမ်ဆောင်းကိုတုပြီး အဲသည်နည်းပညာကို ထည့်သွင်းခဲ့ပါတယ်။

မျက်ဝန်းစကန်နာက bio-metric security ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ပုံစံလိုမျိုးအလားတူဖုန်းရဲ့ ပတ်စ်ဝပ်ခ်၊ ပတ်စ်ကုတ်တွေကို မျက်လုံးနဲ့ စကန် ဖတ်ပြီး လော့ခ်ဖြည်ပေးတာဖြစ်ပါတယ်။

မျက်ဝန်းစကန်နာဖီးချားရဲ့လုပ်ဆောင်ချက်ကတော့ ကိုယ့်ရဲ့မျက်လုံးကိုအသုံးချပြီး ဝက်ဘ်ဆိုက်တွေနဲ့ မိုဘိုင်းဘဏ်ငွေချေမှု စနစ်တွေကို ပတ်စ်ဝပ်ခ် မလိုဘဲ စကန် ဖတ်ပြီး သုံးနိုင်သလို ပတ်စ်ဝပ်ခ်တွေကို ဖြည်ရင်လည်း မျက်လုံးနဲ့ စကန်ဖတ်ပြီး ပွင့်တဲ့ စနစ်ဖြစ်ပါတယ်။

လုံခြုံရေးအရ အွန်လိုင်းငွေချေတဲ့အခါ တကူးတကပတ်စ်ဝပ်ခ်ရိုက်ထည့်စရာမလိုတဲ့အပြင် မိမိရဲ့ မျက်လုံးနဲ့သာစကန်ဖတ် ရတာဖြစ်တာကြောင့် မသမာသူတွေ အနေနဲ့ကြားခံကနေ ဘယ်နည်းနဲ့မှ ခိုးယူ တိုက်ခိုက်လို့ မရပါဘူး။ ဝက်ဘ်ဆိုက်နဲ့ အကောင့်ထဲတွေ ဝင်ရင်လည်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ပြီးအားသွင်းကြိုးနဲ့ သွင်းစရာမလိုတော့တဲ့ ကြိုးမဲ့စနစ် (wireless charger) နဲ့ လာမှာဖြစ်ကြောင်း သိရပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ အက်ပဲလ်ဖုန်းတွေက ကြိုးမဲ့အားသွင်းတဲ့ စနစ်မရတာကြောင့် သုံးစွဲသူတချို့က စိတ်တိုင်းမကျခဲ့ပါဘူး။ အန်းဒရိုက်ဖုန်းတွေမှာတော့ ကြိုးမဲ့အားသွင်းတဲ့စနစ်ကကြာပြီဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းတွင်းမမ်မိုရီကို 256 GB ပါဝင် လာမယ်လို့သိရပါတယ်။ ဖုန်းမှာရေစိုခံစနစ်လည်း ထည့်သွင်းမှာ ဖြစ်ပါတယ်။

သည်မော်ဒယ်အသစ်ကိုလည်း ဒေါ်လာ ၁၀ဝ၀ အထက်သတ်မှတ်မှာဖြစ်ကြောင်းသိရပါတယ်။ စခရင်ဆိုက်ကိုလည်း ၆.၄ လက်မအထိ ကြီးမားတဲ့မျက်နှာပြင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

တရားဝင်မိတ်ဆက်မယ့်နေ့မှာသာ သည်ဖီးချားတွေပါလာရင်တော့ သုံးစွဲသူတွေအရင်ကထက်များနိုင်လာပြီး ဈေးကွက်မှာ လည်းရောင်းအားရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့ အလား အလာရှိနိုင်ကြောင်း နည်းပညာ သတင်း ဝက်ဘ်ဆိုက် အချို့မှာ သုံးသပ်ရေးထား ကြပါတယ်။

From : ကုမုဒြာဂျာနယ် by – မေဘယ်လ်

Originally published at - http://www.kumudranews.com

No comments: