တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 9, 2015

စက္ကူ မီးပုံး ကလေးတွေ ကိုယ်တိုင် ခေါက်ကြည့်မလား




နှစ်တနှစ်ရဲ့ ဆယ့်နှစ်လ လုံးမှာ သက်ဆိုင်ရာ ပွဲလမ်း သဘင်တွေနဲ့ စည်ကားမြဲ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အခုလည်း သီတင်းကျွတ် ကာလကို ရောက်ဖို့ နီးကပ် လာပါပြီ။ ဆယ့်နှစ်လ ရာသီမှာ တခု အပါအဝင် ဖြစ်တဲ့ သီတင်းကျွတ် ကာလမှာ မြန်မာတို့ရဲ့ ဓလေ့အတိုင်း မြတ်စွာ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်ကြ ပါတယ်။

သီတင်းကျွတ် လပြည့်နေ့မှာ မြတ်စွာ ဘုရားဟာ တာဝင်္တီသာ နတ်ပြည်မှာ ရှိတဲ့ မယ်တော် မိနတ်သားကို ဓမ္မစကြာ တရားဟောပြီး လူ့ပြည်ကို ပြန်ကြွရာမှာ လူတွေက ဆီမီးတွေနဲ့ ကြိုဆို ပူဇော် ကြတာပါ။

ခု နောက်ပိုင်းမှာတော့ ဖယောင်းတိုင်မီး အပြင် လျှပ်စစ် မီးသီးလေးတွေ၊ အလှ မီးပုံးလေးတွေနဲ့ ပိုပြီး ချစ်စရာ ကောင်းအောင် ပြုလုပ် လာကြပါပြီ။ ဒီဇိုင်းစုံ၊ အရောင်အသွေး စုံနဲ့ စက္ကူ မီးပုံးလေး တွေကို အရွယ် အစားစုံနဲ့ ချိတ်ဆွဲ ထားကြတာ ချစ်စရာ ကောင်းတဲ့ မြင်ကွင်းပါ။

မီးပုံးလေး တွေက ဆိုင်မှာ ဝယ်ယူလို့ ရတယ် ဆိုပေမယ့် ကိုယ့်လက်ဖြစ် မီးပုံးလေးတွေနဲ့ ထွန်းညှိ အလှဆင် ရတာကို သဘောကျတဲ့ လူငယ် တွေလည်း ရှိပါတယ်။

ဒီတပတ်အတွက် ပရိတ်သတ်ကို သီတင်းကျွတ် ပွဲတော် အတွက် ကိုယ်တိုင် လုပ်ထားတဲ့ မီးပုံးလေးတွေနဲ့ အလှဆင်နိုင်အောင်လို့ ချစ်စရာ ကောင်းတဲ့ စက္ကူ မီးပုံး ဝိုင်းဝိုင်းလေးတွေ ပြုလုပ်တဲ့ နည်းကို ဖော်ပြပေး သွားမှာပါ။

မီးပုံးခေါက်တဲ့ စက္ကူကို နီးစပ်ရာ စတိုးဆိုင်နဲ့ ကုန်တိုက်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဈေးလည်း သိပ်မများဘဲ ဝန်ထုပ် ဝန်ပိုးလည်း မဖြစ်တာကြောင့် Handmade ကို ကြိုက်နှစ်သက် သူတွေ အဆင်ပြေ စေမှာပါ။

မီးပုံးလေးတခုကို စက်ဝိုင်း ပုံစက္ကူလေးတွေ (၂၀) ဝိုင်း လိုအပ်ပါတယ်။ အလင်းရောင် အပြင်ကို လျှံထွက်စေဖို့ အလယ်မှာ အဝိုင်းပေါက်ကလေးတွေ ပါတဲ့ စက္ကူ ဖြစ်ရပါမယ်။ Stapler (ဒါမှမဟုတ်) စက္ကူ ကပ်တဲ့ကော်၊ မီးပုံး ချိတ်ဆွဲဖို့ ကြိုးကလေး တချောင်းနဲ့ အရောင်ပါတဲ့ မီးသီး အသေး တလုံးလည်း လိုအပ် ပါတယ်။



အဆင့် (၁) ။ ။ စက်ဝိုင်းပုံ စက္ကူကလေး တွေကို တြိဂံပုံ ဖြစ်အောင် ခေါက်ပါ။

အဆင့် (၂)။ ။ ခေါက်ပြီးတဲ့ တြိဂံပုံစက္ကူတွေကို ဖင်ပြန်ခေါင်းပြန် တွဲပြီး Stapler (သို့) ကော်နှင့် ကပ်ပါ။ (၉) ခုတွဲတခု၊ (၅) ခုတွဲတခု၊ (၄) ခုတွဲတခု ဖြစ်ပါ တယ်။

အဆင့် (၃)။ ။ (၉) ခုတွဲ တခုကို စက်ဝိုင်းပုံဖြစ်အောင် အစွန်းနှစ်ဖက်ကို တွဲလိုက်ပါ။

အဆင့် (၄)။ ။ အဲဒီနောက် နောက် (၉) ခုတွဲရဲ့ အောက်နားကို (၅) ခုတွဲအပေါ်နားနဲ့ တွဲကပ်ပါ။ အောက် ပိတ်နဲ့ အလယ်ပိုင်းကို ရရှိပါမယ်။ ပြီးရင် (၄) ခုတွဲကို အပေါ်က ဆက်ပါ။

အဲဒီအခါအပေါ်မှာ မီးလုံးထည့်ဖို့ အပေါက်ပါတဲ့ မီးပုံးကလေးကို ရရှိမှာဖြစ်ပါတယ်။ ဒါဆိုရင် မီးလုံး ထည့် သွင်းပြီး ကြိုးတပ်လို့ ချိတ်ဆွဲနိုင်ပါပြီ။ ကဲ ဒီနည်းနဲ့ ရောင်စုံမီးပုံးလေးတွေ ကိုယ်တိုင် လုပ်ကြည့် ကြရအောင်လား။

ထက်ဦးဝေ

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_12.html


2 comments:

  1. အကို wab apk ​လေပြုလုပ်​ထားသာ​လေးရှိလာ

    ReplyDelete
  2. ဆောရီးဘဲညီလေးရေ ကိုယ်လည်းအလုပ်မအားလို့ သပ်သပ်မလုပ်တော့ပါဘူး၊ ဒီအတိုင်းဘရောက်စာနဲ့ ဝင်ကြည့်လို့အဆင်ပြေအောင်တော့ လုပ်ပေးထားပါတယ်။

    ကျေးဇူးတင်ပါတယ် ...

    ပျော်ရွှင်ပါစေ

    ReplyDelete