တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နည်းပညာဆောင်းပါး. Show all posts
Showing posts with label နည်းပညာဆောင်းပါး. Show all posts

Saturday, June 17, 2017

Google က ထုတ်လုပ်သင့်သော ကွန်ပျူတာလို သုံးနိုင်မယ့် Chrome Tablet




အခု ဆောင်းပါးကို ဖတ်နေချိန်မှာ Apple ကနေ iPad Pro 10.5 လို ပစ္စည်းသစ်တွေ မိတ်ဆက် ပြီးနေ ပါပြီ။ iPad ရဲ့ မော်ဒယ်သစ်က ကွန်ပျူတာ တလုံးနဲ့ ဆင်တူ လောက်အောင် စွမ်ေးဆာင်ရည် တွေ ကောင်း လာတာ တွေ့ရပါတယ်။ အသုံးပြု ရတာလည်း အရမ်းပဲ ကောင်းမွန် လွယ်ကူ လာပါတယ်။

ဒါဆိုရင်တော့ Apple အနေနဲ့ iPad လို Tablet ကို ကွန်ပျူတာ အဖြစ် သုံးနိုင်အောင် နောက်ထပ် အဆင့်မြှင့်လာဖို့ ရှိတော့မှာပါ။

ဒီလို Apple ရဲ့ မော်ဒယ်တွေ စွမ်းဆောင်ရည် မြင့်လာတာကို ဘာကြောင့်လဲ ဆိုတော့ လက်ရှိမှာ လူသုံးများနေတဲ့ ကွန်ပျူတာတွေရဲ့ နေရာကို Tablet တွေ နေရာဝင်ယူလာ နိုင်တာကြောင့်ပါ။ Google ရဲ့ Chromebook က ကောင်းမွန်တဲ့ အထဲမှာ ပါပါတယ်။ လက်ရှိမှာလည်း အရေ အတွက် အများအပြား အသုံးပြု နေကြတယ်၊ ရောင်းချနေ ရပါတယ်၊ ဒါပေမယ့် အနာဂတ်မှာတော့ Tablet တွေ အသုံး တွင်ကျယ်လာရင် ကွန်ပျူတာတွေ နေရာ ဖယ်ပေးလိုက်ရ ပါလိမ့်မယ်။

Chromebook မှာ သုံးထားတဲ့ Chrome OS စနစ်က Tablet မှာလည်း ထည့်လို့ ရပါတယ်။ Chromebook Flip ဟာ အကောင်းဆုံး Tablet ပုံစံလည်း သုံးနိုင်တဲ့ မော်ဒယ်တွေ ထဲက တခုပါ။ Web Browser တွေကိုလည်း သုံးနိုင်တယ်၊ App တွေကိုလည်း စိတ်ကြိုက် သုံးနိုင်တယ်၊ ရုပ်ထွက်ပိုင်းမှာ Samsung ရဲ့ မော်ဒယ် တွေနဲ့ Pixel C လောက် မကောင်း ပေမယ့် ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်က မျှတ ကောင်းမွန်နေတာပါ။ ဒီတော့ အဲဒီ Flip လို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရ လွယ်တဲ့ Chromebook တွေဟာ လူကြိုက်များ အောင်မြင်နိုင်ပါတယ်။

ဒီလိုပါပဲ Microsoft နဲ့ Apple ကုမ္ပဏီတွေကလည်း ပုံမှန်ဆိုရင် Tablet လို သုံးနိုင်မယ်၊ လိုအပ်ရင် Keyboard နဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာလို သုံးနိုင်မယ့် မော်ဒယ်တွေကို ဖန်တီးဖို့ အားထည့်နေတာ တွေ့ရ ပါတယ်။ Asus ရဲ့ Transformer တန်းဝင် မော်ဒယ်တွေကိုပဲ ကြည့်ပါ။ သဘောတရားချင်း အတူတူပါပဲ။ ထုတ်လုပ်မှု စရိတ် နည်းနည်းနဲ့ ထုတ်နိုင်မယ်၊ ဒါဆို ဈေးချိုချိုနဲ့ ရောင်းနိုင်မှာပါ။ လူတွေကလည်း Tablet လိုမျိုး ပစ္စည်းသစ်ကို လိုချင်နေကြပါတယ်။ ပုံမှန်ဆို သယ်ဆောင်ရ လွယ်တဲ့ Tablet တလုံးပဲ ဖြစ်ပေမယ့် လိုအပ်ချိန်မှာ Keyboard လို စနစ်နဲ့ အခြား ကွန်ပျူတာနဲ့ ချိတ်ဆက် သုံးချင်နေ ကြပါတယ်။

၁၀ လက်မ အရွယ် ပြသ မျက်နှာပြင်လေက်၊ Processor မြန်မြန်ကောင်းကောင်း၊ ဈေးချိုချို၊ App အစုံသုံးနိုင်ပြီး 128 GB လောက် ပါတဲ့ မော်ဒယ်တွေ ဆိုရင် ဈေးကွက်မှာ ချက်ချင်း အောင်မြင်မှု ရနိုင်ပါတယ်။ ဒီလို အနေအထားနဲ့ ကွန်ပျူတာ လိုသာ သုံးနိုင်တဲ့ Tablet တွေ ထွက်ရှိလာရင်တော့ Laptop အသုံးပြုမှုဟာ ချက်ချင်းပဲ လျော့ကျသွားပါလိမ့်မယ်။

ဒီလို ကွန်ပျူတာလို သုံးနိုင်တဲ့ Tablet ကို ဖန်တီးနိုင်မယ့် ကုမ္ပဏီက ကမ္ဘာပေါ်မှာ ခပ်ရှားရှားပါ။ Microsoft, Apple နဲ့ Google တွေပဲ ရှိပါတယ်။ Apple က iOS ကြောင့် ဈေးမြင့်နေတယ်၊ Microsoft က ဖုန်းဈေးကွက်မှာတောင် နေရာ ကောင်းကောင်း မရချင်ဘူး၊ Google ကတော့ Chrome စနစ် ရှိနေလို့ အခွင့်ကောင်း တခုပါ။

Samsung အနေနဲ့ ဖန်တီးနိုင်မှု နည်းပညာ မြင့်မားပေမယ့် သူ ကျွမ်းကျင်တဲ့ Android စနစ်နဲ့ ကွန်ပျူတာလို သုံးနိုင်ဖို့ ထုတ်မယ် ဆိုရင် ထုတ်လုပ်မှု စရိတ် များလာမှာ ပါ။ ဒါဆို သူ့ ပစ္စည်းက ဈေးကွက် အောင်မြင်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် Google အနေနဲ့ Chrome မော်ဒယ် Tablet ထုတ်သင့်တယ် လို့ ပြောတာပါ။

သိရသလောက် Google မှာ Tablet ထုတ်နိုင်လောက်တဲ့ နည်းပညာနဲ့ ပညာရှင်တွေ၊ ဖန်တီးနိုင်မှုတွေ ရှိနေပါတယ်။ Android စနစ်ဘက်ကလည်း ပြီးပြည့်စုံမှု ရှိသည်ထက် ရှိလာနေပါတယ်၊ Version သစ်တွေ ထွက်လာနိုင်ဖို့ ရှိနေပြီး OS စနစ်ချင်း မတူပေမယ့် ဖန်တီးပုံချင်း ဆင်တူအောင် ရယူပြီး Chrome Tablet တွေကို အကောင်းဆုံး ဖန်တီးနိုင်မယ့် အနေအထားပါ။ Chrome Tablet သာ ထွက်လာရင် Google ဟာ ကွန်ပျူတာ ရပ်ဝန်းမှာပါ ရှေ့ဆောင် ကုမ္ပဏီ တခု ဖြစ်လာနိုင်ပါတယ်။ ။

Ref: www.m.androidcentral.com

From : ဧရာဝတီ by သက်နိုင်ဦး (UCSL) 17 June 2017

Originally published at - burma.irrawaddy.com

Read More »

Saturday, June 3, 2017

အွန်လိုင်း ဆယ်လီတွေ အပျော် လုပ်ကိုင်ရင်း စီးပွားရေး အသွင် ဆောင်လာ




အခု နောက်ပိုင်း အွန်လိုင်း ပေါ်က ဆယ်လီ တွေကို အလှကုန် တွေနဲ့ တခြား ထုတ်ကုန် ပစ္စည်း တွေက စပွန်ဆာ ပေးပြီး ကြော်ငြာ တာတွေ ရှိလာ ပါတယ်။
အွန်လိုင်း ပေါ်က ဆယ်လီ တွေကို လုပ်ငန်း ရှင်တွေက စီးပွားရေး ဘက်နွယ်ပြီး ခေါ်ဆောင် လာတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်ခ် သုံးစွဲသူက သန်းပေါင်း မြောက်မြားစွာ ရှိနေ ပါတယ်။ ဖေ့စ်ဘုတ်ခ် သုံးစွဲသူတွေ ကြားမှာ ရေပန်း အစားဆုံး ကတော့ ဖေ့စ်ဘုတ်ခ် ဆယ်လီတွေပါ။

ဖေ့စ်ဘုတ်ခ် ဆယ်လီတွေမှာ တချို့တွေက ဒီဇိုင်းမိုက်တာ ရုပ်ရည် ချောမော တာတွေကြောင့် ဖော်လိုဝါတွေ တိုးလာတာတွေ ရှိသလို နိုင်ငံရေးတွေ ရေးတာ၊ ဟာသတွေ ရေးတာ၊ ဟာသ ဗီဒီယိုဖိုင် တွေ တင်တာကြောင့် ဖော်လိုဝါတွေ များလာတာလည်း ရှိပါတယ်။

ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ ကိုအောင်သူရက အွန်လိုင်းဆယ်လီ ဆိုတဲ့ အခေါ်အဝေါ်က ကျယ်ပြန့်တယ်၊ ဘယ်လိုဆယ်လီဖြစ်လာ တယ် ဆိုတာလဲ ရှိသေး တယ်၊ တချို့တွေက ရေးတဲ့စာတွေ၊ စကား လုံးတွေကဆိုရင်တကယ် ကိုကောင်းတယ်၊ အဲဒီလိုလူတွေဆယ်လီ ဖြစ်လာတာကို လက်ခံတယ်၊ တချို့တွေ ကျတော့ ဆယ်လီဖြစ်အောင် ပိုက်ဆံတွေ အကုန်အကျ ခံတယ်၊ ဖော်လိုဝါတွေတော့ ရှိလာတယ်၊ ဘာအနှစ် သာရမှ မရှိဘူး၊ အဲဒီလိုတွေလဲရှိတယ်၊ စီးပွားရေး လုပ်တဲ့ သူတွေကတော့ နာမည်ကြီးတဲ့သူတွေကိုရှာမှာပဲ၊ ရှာပြီးသူတို့ကုန် ပစ္စည်းကိုမပေါက်ပေါက်အောင်ဖောက်မယ်၊ ငွေကြေးတွေ အကုန် အကျခံပြီး ကြော်ငြာတာပေါ့လို့ ပြောပါတယ်။

စီးပွားရေးလုပ်ကိုင်သူအများစုက ဘရန်းတွေကို ကြော်ငြာချင်တဲ့ အခါမှာ အနုပညာရှင်တွေနဲ့ ကြော်ငြာတာတွေရှိသလို အွန်လိုင်း ပေါ်မှာ နာမည်ကြီးနေတဲ့ သူတွေကိုထုတ်ကုန်တွေပို့ပေးတာတွေ၊ ဗီဒီယိုတွေမှာ ထည့်ပြီးကြော်ငြာ တာတွေကိုပါ ပြုလုပ်လာကြပါတယ်။ ဗီဒီယိုတွေမှာထည့်ပြီး ကြော်ငြာတယ်ဆိုရင် ဒေါ်လာနဲ့ပေးရတာ လည်းရှိပါတယ်။ အွန်လိုင်းဆယ်လီတေါအနေနဲ့ကလည်း အပျော် သဘောလုပ်ကိုင်ရင်းနဲ့ ဝင်ငွေတွေတစ်ဖက်တစ်လမ်းက ဝင်ပါတယ်။ သည်လိုနဲ့ အွန်လိုင်းဆယ်လီတွေကိုတဖြည်းဖြည်းနဲ့ စီးပွားရေး ဘက်ကိုဆွဲခေါ်လာပါတယ်။



ဆယ်လီဘယ်လိုဖြစ်လာ

အွန်လိုင်းအသုံးပြုသူ မဇူလိုင်မေက အစ်မတို့ကတော့လိုက်ခ်ကို ကြည့်တယ်၊ ပြီးတော့ သူ့ရဲ့ပို့စ်တွေကို ရှဲလ်တဲ့သူတွေများတယ် ဆိုရင်သူကဆယ်လီပဲ၊ ပြီးတော့ ဟာသ ဗီဒီယိုတွေတင်တဲ့ သူတွေ၊ ပြီးတော့ တချို့ဆယ်လီတွေ ဆိုရင် သိပ်မသိသေးဘူးဆိုရင် သူတို့ ရေးတဲ့စာစုလေးတစ်ခုပေါ့၊ အဲဒါတွေကို ဝိုင်းရှဲလ်ကြတယ်၊ တဖြည်း ဖြည်းနဲ့လူတွေသိလာတယ်၊ ဖော်လိုဝါတွေလဲများလာတယ်ဆိုရင် သူ့ကိုဆယ်လီလို့သတ်မှတ် လိုက်တာ၊ တချို့တွေ ကျတော့ ငွေကုန်ခံပြီးဆယ်လီဖြစ်အောင်လုပ်ကြတယ်၊ လိုက်ခ်ဝယ် တယ်ပေါ့၊ ပြောရရင် အဲဒီလိုလူတွေဆိုရင်လဲ သူ့အလိုလို ဆယ်လီကတော့ ဖြစ်လာတာပဲလို့ ပြောပါတယ်။

အွန်လိုင်းဆယ်လီဆိုတဲ့ အသုံးအနှုန်းတစ်ခုက အနုပညာရှင်တွေ ကိုသာမဟုတ်ဘဲ တခြားနယ်ပယ်မှာ အောင်မြင်နေတဲ့ သူတွေကိုပါ ဆယ်လီလို့ခေါ်ပါတယ်။ အွန်လိုင်းဆယ်လီတစ်ယောက်မှာ အနည်းဆုံးဖော်လိုဝါသောင်းကျော် ရှိနေပါတယ်။ ဖော်လိုဝါများလာ တယ်ဆိုတာနဲ့ လူတွေပိုသိလာပြီး အွန်လိုင်းဆယ်လီလို့သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

အွန်လိုင်းဆယ်လီတွေဖြစ်တဲ့ နှင်းဟေမာန်စိုး၊ သိမ့်သိမ့်သူ၊ ရတနာမိုး၊ စတီဗင်ဇော်ကြီး၊ အောင်ရဲထွေး၊ Kel-vin Kate စတဲ့ သူတွေရှိပါ တယ်။ သူတို့တွေ ရိုက်ပြီး တင်လိုက်တဲ့ ပုံတွေ၊ ဗီဒီယို ဖိုင်တွေဆိုရင် အချိန် ခဏအတွင်းမှာပဲ ကြည့်ရှုသူတွေ၊ ရှဲလ်သူတွေ၊ လိုက်ခ်လုပ် သူတွေထောင်ချီ၊ သောင်းချီရှိပါတယ်။ သည်လိုမျိုးပဲ တခြားသူတွေ အများကြီး ရှိပါသေးတယ်။ သူတို့ကို နာမည်ကြီး အလှကုန်တွေ၊ စား သောက်ကုန်တွေနဲ့ တခြား ဘရန်းတွေက စပွန်ဆာတွေ ပေးပါတယ်။



ဆယ်လီဖြစ်ဖို့ဆိုရင်

အွန်လိုင်းဆယ်လီတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ရုပ်ရည်ချော မောတာတွေ၊ ဒီဇိုင်းမိုက်တာတွေ၊ တချို့ဆိုရင် ဆယ်လီဖြစ်ချင် တာကြောင့် မကောင်းတဲ့ စာတွေရေးသားတာတွေ၊ အဖော်အချွတ် တွေရိုက်လာတာတွေကို တွေ့ရ ပါတယ်။ သည်လို လူတွေဆိုရင် သတင်းပေ့ခ်ျတွေက ဖော်ပြတာနဲ့ပဲ ဆယ်လီတွေ ဖြစ်လာ ပါတယ်။ တချို့ တွေကဆယ်လီဖြစ်မလာဘဲ ဝေဖန်ခံရတာတွေလည်း ရှိပါတယ်။ ဖော်လိုဝါ တိုးအောင် လိုက်ခ်ဝယ်တာတွေ ကိုပြုလုပ်ပြီး ကိုယ့် ကိုယ်ကို ဆယ်လီလို့ သတ်မှတ် လိုက်တာတွေလည်း ရှိပါတယ်။

ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ တစ်ဦးဖြစ်တဲ့ ကိုအောင်ဟိန်းက ‘တချို့တွေက ဆယ်လီဆိုတာ ဖရန့် ၅၀ဝ၀ ပြည့်သွားရင်ဆယ်လီလို့ သတ်မှတ်လိုက်တယ်၊ အဖော်အချွတ်တွေဝတ်တယ်၊ ပြီးတော့ မကောင်းတဲ့စာစုတွေရေးတယ်၊ သူတို့လို လူတွေမှာဆိုရင်ဖော်လို လုပ်တာတွေက အမျိုးသားတွေပဲများတယ်၊ အဲဒီ လိုလူတွေကျတော့ ဆယ်လီလို့ မသတ်မှတ်လို့ရတယ်၊ ဆယ်လီအစစ်ဆိုတာအမျိုးသား၊ အမျိုးသမီးအကုန်လုံးက လက်ခံအားပေးတဲ့သူကိုမှ ဆယ်လီလို့ သတ် မှတ်တာပါ၊ အမျိုးသမီးတွေကချည်းပဲကြိုက်နေလို့လဲ မရဘူးလို့ ပြောပါတယ်။

ဆယ်လီတွေက အွန်လိုင်းမှာ သူတို့ နေ့စဉ်လှုပ်ရှားသွားလာတာ တွေ၊ နေထိုင်ပုံတွေ၊ နောက်ပြီးသူတို့ဖန်တွေနဲ့ စကားပြောတာတွေ   ပြုလုပ်ကြပါတယ်။ တချို့ဆယ်လီတွေဆိုရင် စပွန်ဆာပေးတဲ့ ပစ္စည်းတွေကို သူတို့ရဲ့ ဗီဒီယိုတွေ၊ ပို့စ်တွေမှာတင်ပြီးကြော် ငြာပါတယ်။ သူတို့တွေတင်လိုက်တော့မှ ပစ္စည်းတွေကို ပိုပြီး လူသိများသွားတာတွေလည်းရှိတတ်ပါတယ်။

ဆယ်လီ အချင်းချင်းတင်း

နာမည်ကြီးနေတဲ့ ဆယ်လီအချို့ မှာလည်း တစ်ဦးနဲ့တစ်ဦးမတည့် တာတွေ အမြင်မကြည်တာတွေရှိပါတယ်။
ပြဿနာတွေတက်တဲ့အခါမှာ ဆယ်လီတွေက ဖေ့စ်ဘုတ်ခ်မှာစာ တွေတင်တယ်။ တချို့တွေဆိုရင်တစ်ယောက်နဲ့တစ်ယောက် block ထားလို့စာတွေကို မမြင်ရပေမဲ့ဖန်တွေက တစ်ဆင့် screen shot ရိုက်ထားတာတွေကို ပြသရင်းမြင်ကြပါတယ်။ဆယ်လီတွေမှာက အသီးသီးဖန်တွေရှိတာကြောင့် ဖန်တွေအချင်းချင်းမခံနိုင်ဘဲ ရန်တွေဖြစ်ကြတာတွေ၊ ဆယ်လီတွေအချင်းချင်း စကားများကြတာ တွေလည်းရှိပါတယ်။

ပြဿနာတက်ရတဲ့ အကြောင်းရင်းတွေမှာတစ်ခုက စပွန်ဆာပေးတာ နဲ့ ပတ်သက်ပြီး တစ်ယောက်ကရပြီး နောက်တစ်ယောက်ကမရတဲ့ အခါ အချင်းချင်းမနာလိုတာတွေ၊ စကားများတာတွေဖြစ်ပါတယ်။ နောက်တစ်ခုက အွန်လိုင်းဆယ်လီတွေက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို တစ်သမတ်တည်းလုပ်ကိုင်တာနည်းပြီး အွန်လိုင်း မှာပြုလုပ်နေတဲ့ ပြိုင်ပွဲတွေကိုဝင်ပြီးယှဉ်ပြိုင်နေတာတွေလည်း ရှိပါတယ်။ သည်လိုလုပ်တာတွေအပေါ်ကို မကျေနပ်တဲ့ဆယ် လီတွေအချင်းချင်း ပြဿနာတွေတက်တာတွေလည်းရှိပါတယ်။

အမ်ပီတီကလုပ်တဲ့ ပြိုင်ပွဲတုန်းကဆိုရင်သူဝင်ပြိုင်လိုက်တော့ကျန် တဲ့သူတွေအတွက် အခွင့်အရေးက နည်းသွားပြီလေ၊ ကျန်တဲ့သူတွေ ဆီမှာအခွင့်အရေးဆိုတာက မရှိတော့ဘူးလေ၊ ကျန်တဲ့ဆယ်လီတွေက အမြင်တွေမကြည် တော့ဘဲ ပြဿနာတွေစပြီးတက်လာတာပါလို့ အွန်လိုင်းဆယ်လီတစ်ဦးရဲ့ ဖော်လိုဝါမရို့စ်ကပြောပါတယ်။

အွန်လိုင်းပြိုင်ပွဲတွေဆိုရင် ဆယ်လီတွေဝင်မပြိုင်ရဘူးဆိုတဲ့ သတ်မှတ် ချက်မရှိတာကြောင့် ဆယ်လီတွေဝင်ရောက်ယှဉ်ပြိုင်တာကို  တခြားမပြိုင်တဲ့ ဆယ်လီတွေရော၊ ၀င်ရောက်ပြိုင်တဲ့အပြင် သူတွေကပါ အမြင်မကြည်တာတွေ ဖြစ်လာတာပါ။


စီးပွားရေးနွယ်လာ


အခုနာမည်ကြီး ဆယ်လီတွေဖြစ်တဲ့ Kelvin Kate စတီဗင်ဇော်ကြီး တို့ ကိုဆိုရင် သူတို့ရိုက်ပြီးတင်တဲ့ ဗီဒီယိုဖိုင်တွေမလာခင်မှာ ကြော်ငြာတွေကိုထည့်ပြီး ကြော်ငြာတာတွေ၊ ဗီဒီယိုအဆုံးမှာ ထည့်ပြီး ကြော်ငြာတာတွေကို ပြုလုပ်လာကြပါတယ်။

ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ ကိုအောင်မွန်က စီးပွားရေးလုပ်ငန်း ရှင်တွေက တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ လုပ်လိုက်တာ၊ ကြော်ငြာလိုက်လို့ပေါက်သွားတယ်ဆိုရင် လူတွေလဲ ပိုသိလာနိုင် တယ်၊ အရောင်းတွေလဲသွက် လာတယ်၊ တခြားမော်ဒယ်တွေ၊ မင်းသမီး၊ မင်းသားတွေကိုခေါ်တာထက်ကို ဈေးပိုသက်သာတယ် ဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆယ်လီတွေကိုလိုက်ရှာတယ်၊ ပြီးတော့ သူတို့တွေကိုလက်ဆောင်ပေးပြီး ကြော်ငြာတာ တွေကို လုပ်တာပါလို့ ပြောပါတယ်။

အွန်လိုင်းရှော့ပင်းပေ့ခ်ျ အချို့ကလည်း ကြော်ငြာချင်တယ်ဆိုရင် အွန်လိုင်းဆယ်လီတွေကို ငှားပြီးကြော်ငြာခိုင်းတာတွေရှိလာပါတယ်။ အခုနာမည်ကြီး ဘရန်းတွေဖြစ်တဲ့ bella, Ve Ve တို့ကလည်း လက်ဆောင်တွေပေးပြီး ကြော်ငြာလာတာတွေ့ရပါတယ်။

အွန်လိုင်းဆယ်လီတွေကလည်း စလုပ်လုပ်ချင်းမှာ အပျော်အနေနဲ့ လုပ်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ စီးပွားရေးအရ ကြော်ငြာလာ တာတွေတွေ့နေရပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေက အပြိုင်အဆိုင်တွေအနေနဲ့လုပ်နေရ တာကြောင့် သူ့ထက်ငါဦးအောင်လို့ ကြော်ငြာခတွေတိုးပေးတာတွေ၊ အနုပညာရှင်တွေနဲ့ သမားရိုးကျ ကြော်ငြာတာတွေကိုပြုလုပ်တယ် ဆိုရင်ကြည့်ရှုသူတွေဘက်က ရိုးသွားနိုင်တာကြောင့် တစ်ဖက်လှည့် နဲ့ပြောင်းပြီး ကြော်ငြာကြပါတယ်။

From : ကုမုဒြာဂျာနယ် by - လိမ္မာ

Originally published at - http://www.kumudranews.com

Read More »

Saturday, May 20, 2017

ဒရုန်းနဲ့ ဝင်ငွေရနိုင်မယ့် နည်းလမ်းတချို့




ယနေ့ ခေတ်မှာ တိုးတက် လာတဲ့ နည်းပညာ အရ မောင်းသူမဲ့ ယာဉ်ငယ် ဒရုန်းတွေ ပေါ်လာ ပါတယ်။ လူကိုယ်တိုင် ဝင်ရောက် မောင်းနှင် စရာ မလိုဘဲ ရီမု ကွန်ထရိုးလ်နဲ့ ထိန်းချုပ်ရုံနဲ့ မောင်းနှင် ပျံသန်းနိုင်တဲ့ ဒရုန်း စက်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒရုန်း ကျွမ်းကျင် ပညာရှင် တွေက ကောင်းကင် အမြင့် ရှုခင်းပုံတွေကို ရိုက်ကူးပေးဖို့ အလုပ်အပ် လက်ခံ တာမျိုးတွေ၊ ရုပ်ရှင် တီဗီ အစီအစဉ်တွေ ရိုက်ကူးဖို့ အတွက် အသုံးချ တာမျိုးတွေ ရှိုးပွဲတွေနဲ့ အထင်ကရ ပွဲတော်တွေ အတွက် ရိုက်ကူး တာမျိုးတွေကို ဒရုန်းကို စီးပွားဖြစ် အသုံးချတာမျိုးတွေ ရှိလာကြပါတယ်။

ဒရုန်းနဲ့ ဝင်ငွေရှာဖို့ ဒရုန်းကို ပျံသန်းထိန်းချုပ်နိုင်တဲ့ သူတစ်ဦးကို ငှားရမ်းရတာ ဖြစ်ပါတယ်။

စီးပွားဖြစ် ရိုက်ကူးပေးနိုင်

ဟိုတယ် အပန်းဖြေ စခန်းများ ဆောက်လုပ်ရေး လုပ်ငန်းများ showroom တွေကို အလှပဆုံး ရိုက်ကူးပေး တာမျိုးတွေ၊ ဝန်ထမ်း ညစာစားပွဲများ မင်္ဂလာေ
ဆောင်များ ပါတီပွဲများ တွေ့ဆုံ ပွဲများကိုလည်း အတွင်း အပြင် (indoor/outdoor) ပျံသန်းခြင်း အထပ်မြင့် ရှုခင်းတွေကို ရိုက်ကူးပေး တာမျိုးတွေ စတာတွေ ကိုလည်း စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက် တာမျိုးတွေ ရှိပါတယ်။

ပွဲဈေး၊ ဘုရားပွဲ၊ ၁၂ လရာသီပွဲတော် ကျင်းပတဲ့ နေရာတွေကို ဒရုန်းဝါသနာရှင်တွေအပြင် စီးပွားဖြစ် လုပ်ကိုင်ကြတဲ့ ဒရုန်းကျွမ်းကျင်သူတွေဆီ အပ်ပြီး ရိုက်ကူးကြတာမျိုးတွေလည်း ရှိကြပါတယ်။

ကောင်းကင်ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးခြင်းကို နှစ်သိန်းတန် package မှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေမှာ ဓာတ်ပုံ၊ ဗီဒီယို အပါအ ဝင် တစ်ရက်လုံးစာအတွက် ဘက်ထရီ နှစ်လုံးကို နှစ်သိန်း၊ ဓာတ်ပုံ ၃၀ ဝန်းကျင်ကို edit လုပ်ပြီးသား ဗီဒီယိုတစ်ခုအပြင် ရိုက်ကူးထား သမျှ စီဒီတွေပါ လုပ်ဆောင်ပေးတာမျိုး ရှိပါတယ်။

နောက်တစ်ခုကတော့ ဒရုန်း နဲ့ ဇာတ်လမ်းရိုက်ကူးတာ ဖြစ်ပါ တယ်။ အရင်လို ကင်မရာမန်းတွေက အပြေးအလွှားရ ကာယအား စိုက်ပြီး ရိုက်ကူးတဲ့ အစားဒရုန်းနဲ့ ထိန်းချုပ်ပြီး ရိုက်ကူးလိုက်တာ ကြောင့် လူသက်သာစေမှာ ဖြစ်သ လို မိမိလိုချင်တဲ့ မြင်ကွင်းရှုထောင့်ကနေ ပျံသန်းပြီး စိတ်ကြိုက်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်းဖိုးနဲ့ စွမ်းအင် energy လျော့နည်း ဖို့လည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

ယူကျူ့မှာ ပိုက်ဆံရှာ

ယူကျူ့Youtubeလို ဆိုရှယ်မီဒီယာမှာ မိမိရိုက်ကူး ထားတဲ့ ဒရုန်း ဗီဒီယိုတွေကို ကြည့်ရှုသူ (subscribers) များများ ရအောင် ကြိုးစားပါ။ လူတွေကြည့်ဖို့ စိတ်ဝင် စားအောင် ကိုယ့်ရဲ့ ဗီဒီယိုတွေအပေါ် မူတည်ပါတယ်။

ဥပမာ မိမိ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုက သီတင်းကျွတ်၊ သင်္ကြန်လိုပွဲတော်တွေကို ဒရုန်းနဲ့ရိုက်ကူးထား တာမျိုးနဲ့ subscribe လုပ်ပါက လူတွေရဲ့  စိတ်ဝင်စားမှုကို ရဖို့ရာ ခိုင်နှုန်းများပါတယ်။ အဲသည် စိတ်ဝင်စားမှု ဖိုင်တစ်ခုကနေ လူ တွေက မိမိကို subscribe လုပ်လာကြမှာ ဖြစ်ပြီး ကြည့်ရှုသူဦးရေ မြင့်လာတာနဲ့အမျှ follower များ လာတာ youtube ကနေ ပိုက်ဆံရှာနိုင်ပြီ ဖြစ်ပါတယ်။

နောက်ပြီး အွန်လိုင်းစတိုးသို့ ဝက်ဘ်ဆိုက်ကနေ ကြော်ငြာသမားတွေအတွက် မိမိရဲ့ ဗီဒီယိုကိုလည်း ရောင်းချတာတွေ လုပ်နိုင်တာကြောင့် youtube ကနေ တစ်ဆင့်ကြော်ငြာသမားတွေနဲ့ ပါတနာဖြစ်လာပြီး မိမိအတွက် ဒရုန်းနဲ့ ကြော်ငြာတွေရိုက်ဖို့ ပရိုဂရမ်တစ် ခု ကမ်းလှမ်းတာမျိုးတွေ ဖြစ်လာမှာပါ။

ရေအောက်ဒရုန်း

နောက်တစ်ခုက ဘရာဇီးနိုင်ငံ ရဲ့ တချို့ဒေသတွေမှာဆိုရင် ရေအောက်ဒရုန်းကို အသုံးပြုပြီး ငါးဖမ်းကာ စီးပွားရေးရှာခဲ့တာ စတင်နေပြီ ဖြစ်ပါတယ်။

ရေအောက်ဒရုန်းကို အသုံးပြု ပြီး စီးပွားရေးရှာလို့ ရတယ်ဆိုတာကို အဲသည်ဒေသခံတွေက သက်သေပြခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆို လေပေါ်မှာ ပျံသန်းတဲ့ ဒရုန်းတွေပဲ ရှိခဲ့ပေမဲ့ ၂၀၁၇ မှာ နည်း ပညာထုတ်ကုန်အသစ်တစ်ခုအ နေနဲ့ ရေအောက်ဒရုန်းက ဈေးကွက်ထဲဝင်လို့ လာပါပြီ။

ရေအောက် ဒရုန်းဟာဆိုရင် ရေအောက်တွေမှာရှိတဲ့ ငါးတွေကိုပါ မျှားနိုင်မှာ ဖြစ်ပါတယ်။ ရေချို ရေငန်စတဲ့ ရေအောက်တွေမှာ သည်ရေအောက်ဒရုန်းနဲ့ ၃၀ မီတာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါးတွေကို ၄၀ မီတာ အဝေးက နေ ရှာဖွေတွေ့ရှိနိုင်ကြောင်း သိရ ပါတယ်။

မောင်းနှင်ရာမှာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်းရဲ့ စခရင်ကနေပဲ ထိန်းချုပ်မောင်းနှင်ရမှာ ဖြစ်ပါတယ်။

“ရေအောက်ဒရုန်းတွေ ပေါ်လာတော့ ရေအောက်ထဲမှာ ရှာ ချင်တာတွေဆို အသုံးဝင်တယ်၊ ရေငုပ်တဲ့ ပုံစံမျိုးသူလဲ ကင်မရာနဲ့ ပဲ ရေအောက်ထဲမှာ သုံးတယ်၊ နောက်ပိုင်း ကျွန်တော်တွေ့တာက လေပေါ်သွားတာလဲ ရှိတယ်၊ ရေအောက်သွားတာလဲရှိတယ်၊ နှစ်မျိုးလုံးသုံးလို့ရတယ်၊ရေ အောက်ထဲမှာ ရုပ်ရှင်ရိုက်တာပဲ ဖြစ်ဖြစ် ပစ္စည်းရှာတာမျိုးပဲ ဖြစ်ဖြစ် အန္တရာယ်ရှိတဲ့ နေရာမျိုးတွေမှာဆို အသုံးဝင်မယ်”လို့ ပြည်တွင်း လုံခြုံရေးနည်းပညာရှင်ဖြစ်သလို ပြည် တွင်းမောင်းသူမဲ့ လေယာဉ်ဒရုန်း RC builder သင်တန်းရဲ့ တာဝန် ရှိသူတစ်ဦးဖြစ်တဲ့ ကိုရန်နိုင်မြင့်က ဖုန်းနဲ့ မေးမြန်းမှု အပေါ် မှတ်ချက်ချပါတယ်။

ပို့ဆောင်ပေးနိုင်

နောက်တစ်မျိုးက ပစ္စည်းနဲ့ စားသောက်ကုန် စတာတွေကို ပို့ပေးတဲ့ delivery စနစ်ကို ဒရုန်းနဲ့ အသုံးချနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိအမေရိကန်နိုင်ငံရဲ့ စားသောက် ဆိုင်တချို့မှာ ဆိုရင် ဒရုန်းနဲ့ အစား အသောက် ပို့ဆောင်တာတွေတောင် လုပ် နိုင်တာကြောင့် စားပွဲထိုးတောင် မလိုတော့ပဲ ဒရုန်းနဲ့ပဲ အစား အသောက်တွေကို ပို့ဆောင်တာ လုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မေဘယ်လ်

Originally published at - http://www.kumudranews.com

Read More »

Sunday, June 12, 2016

မှားဖျက်မိတဲ့ ဖိုင်များကို ပြန်ရှာနည်းများ




Shift + Delete နဲ့ ဖျက်မိလို့ Recycle Bin မှာလည်း ရှာလို့ မတွေ့ တော့တဲ့ ဖိုင်တွေကို ပြန်ရှာဖို့ နည်း အမျိုးမျိုး ရှိပါတယ်။ ဒီဆောင်းပါးမှာ မှားဖျက် မိတဲ့ဖိုင်၊ ပျောက်ဆုံး နေတဲ့ ဖိုင်တွေကို အောင်မြင်စွာ ပြန်ရှာနိုင်ဖို့ နည်းလမ်း တွေကို ရေးပေး ပါမယ်။

တကယ် ဖျက်မိလား ဆိုတာ သေချာအောင် အရင်စစ်ပါ

သင်ရှာနေတဲ့ ဖိုင် မတွှေတော့ တာဟာ တကယ် ဖျက်မိ တာလား၊ နေရာထား မှားသွား တာလားဆိုတာ အရင် စစ်ဆေး သင့်ပါတယ်။ Recycle Bin ထဲသွားပြီး ဖိုင်ကို ပြန်ရှာပါ။ ဖိုင်တွေ များပြား နေရင် Right Click နှိပ်ပြီး Sort By>Date Deleted နဲ့ Filter လုပ်ပြီးရှာရင် ပိုလွယ်ကူပြီး မြန်မြန် ရှာတွေ့ နိုင်ပါတယ်။



နေရာထား မှားသွား တာကို ပြန်ရှာဖို့ Windows Explorer ကနေ သင့်ဖိုင်ကို သိမ်းထားတဲ့ Drive အောက်ကို သွားပြီး Search Box ကနေ Drive တစ်ခုလုံးမှာ ပြန်ရှာပါ။



တကယ်လို့ သင့်ဖိုင်တွေကို Dropbox, Google Drive, or SkyDrive တို့လို Cloud Storageမှာ သိမ်းတတ်တဲ့ သူဆိုရင် အဲဒီမှာ ပြန်ရှာပါ။ ရှာမတွေ့ရင် Trash ထဲမှာ ရှာနိုင် ပါသေးတယ်။ Trash ကလည်း Cloud Storage ရဲ့ Recycle Bin တစ်ခုပဲ ဖြစ်ပါတယ်။



Backup မှာရှာပါ

စက်ပစ္စည်းတွေဟာ ပျက်ဆီး တတ်တာကြောင့် သင့်ရဲ့ အရေးကြီး ဒေတာတွေကို မှန်မှန် Backup လုပ်ဖို့ အကြံပေး ပါတယ်။ သင်ဟာ Backup လုပ်ထားသူ တစ်ယောက် ဆိုရင်တော့ Backupမှာ ပြန်ရှာပါ။

Windowsမှာ Backup Toolsတွေ ပါရှိပြီး Windows 7မှာပါရှိတဲ့ Previous Version Toolက ဖိုင်တွေကို ပြန်ရှာဖို့ လွယ်ကူ ပါတယ်။ မှားဖျက်မိတဲ့ ဖိုင်ရဲ့ ဖိုဒါပေါ်မှာ Right Clickနှိပ်ပြီး Propertiesကိုနှိပ်ပါ။ Previous Versions Tabမှာ Backupတွေကို တွေ့မြင်နိုင်ပြီး Openကို နှိပ်ပြီးရှာပါ။



Windows 8 ရဲ့ File History feature ကို အသုံးပြု ရင်လည်း ဖိုင်တွေကို လွယ်လွယ် ကူကူ ပြန်ရှာ နိုင်ပါတယ်။ မှားဖျက် မိတဲ့ ဖိုင်ရဲ့ ဖိုဒါကို သွားပြီး History button ကိုနှိပ်ပြီး ပြန်ရှာပါ။



Hard Disk Drive Vs Solid State Drive

အပေါ်က နည်းတွေ သုံးပြီး သင့်ဖိုင်တွေကို ရှာမတွေ့ဘူး ဆိုရင် File Recovery Software တွေ သုံးပြီး ရှာနိုင် ပါတယ်။ ဒါပေမယ့် သင့်ရဲDrive အမျိုးအစား ပေါ်မှာ မူတည် ပါတယ်။

အများဆုံး အသုံးပြုတဲ့ Drive တွေ ကတော့ Hard Disk Drive (HDD) or Magnetic Hard Drive တွေ ဖြစ်ပြီး Solid State Drive တွေ ကတော့ အသုံးပြုမှု နည်းပါတယ်။ သင့်ကွန်ပျူတာရဲ့ Hard Driveက ဘာ အမျိုးအစားလဲ ဆိုတာ Manufacturer Specification မှာ ကြည့်ပါ။

HDD မှာ ဖိုင်တွေကို Pointers တွေနဲ့ ညွှန်ပြ ပါတယ်။ Pointers တွေက အဲဒီဖိုင်ရဲ့ ဒေတာ အစနဲ့ အဆုံး နေရာ တွေကို မှတ်သား ညွှန်ပြတာပါ။ HDD မှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် ၀င်းဒိုးက အဲဒီဖိုင်ရဲ့ Pointer ကိုပဲ ဖျက်လိုက်တာ ဖြစ်ပြီး အဲဒီ နေရာကို Free Space အနေနဲ့ သတ်မှတ် လိုက်ပါတယ်။

ဒေတာတွေ ကိုတော့ မဖျက်ပစ် သေးပါဘူး။ အဲဒီ အတွက် ဒေတာတွေကို တစ်ခြား ဒေတာတွေ Overwrite မလုပ်ခင် File Recovery Software တွေနဲ့ အမြန် ပြန်ရှာ နိုင်ပါတယ်။

အမြန် ပြန်မရှာဘဲ တစ်ခြားဒေတာတွေ Overwrite လုပ်သွား ရင်တော့ ပြန်ရှာလို့ မရတာတွေ၊ တစ်ဝက် တစ်ပျက်ပဲ ပြန်ရှာလို့ ရတာတွေ ဖြစ်တတ်ပါတယ်။

SSDမှာ ဖိုင်တစ်ခုကို ဖျက်လိုက်ရင် TRIM commandကို သုံးပြီး အဲဒီနေရာကို အပြီးဖျက် လိုက်တာ ဖြစ်တဲ့ အတွက် Recovery Software တွေသုံးပြီး ပြန်ရှာလည်း မရ နိုင်တော့ ပါဘူး။ Modern solid-state drives တွေနဲ့ Windows 7 and 8 စတဲ့ OS တွေမှာ TRIM ကို အသုံးပြု ကြပါတယ်။ ရှေးကျတဲ့ SSDတွေနဲ့  Windows XPမှာတော့ TRIMကို Support မပေးပါဘူး။ အဲလို အခြေ အနေမှာတော့ သင့်ဖိုင်တွေကို Recovery Software တွေနဲ့ ပြန်ရှာနိုင်ပါတယ်။



အန္တရာယ် အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံးနည်း

သင်ဖိုင် တစ်ခုကို မှားဖျက် မိလိုက်တာ သိသိခြင်းပဲ ကွန်ပျူတာကို ပိတ်ပါ။ မပိတ်ဘဲ File Recovery Software တွေကို အင်စတော လုပ်မယ် ဆိုရင် အပေါ်မှာပြော ခဲ့သလိုပဲ Free Space အဖြစ် သတ်မှတ်ထားတဲ့ သင့်ဖိုင်တွေကို Overwrite လုပ်ပြီး အပြီးတိုင် ပျက်သွား နိုင်ပါတယ်။

အင်စတော လုပ်ပြီးသား Software တွေ Background မှာ Run နေတဲ့ Programs တွေကလည်း သင့်ဖိုင်တွေကို Overwrite လုပ်ကောင်း လုပ်သွား နိုင်ပါတယ်။

အဲဒီ အတွက် သင့် ကွန်ပျူတာကို ပိတ်ပြီး Drive ကို စက်က ဖြုတ်ပြီး တစ်ခြား စက် တစ်လုံးမှာ Secondary Drive အနေနဲ့ တပ်ဆင်ပြီး Recovery Software တစ်ခုခုနဲ့ ရှာပါ။ ဒီနည်းက သင့်ဖိုင် တွေကို ပြန်ရဖို့ အန္တရာယ် အကင်းဆုံးနဲ့ အောင်မြင်မှု အရှိနိုင်ဆုံး နည်းပါ။

အမြန်ဆုံးနည်း ဒါပေမယ့် စွန့်စားရမယ့်နည်း

ဖျက်မိတဲ့ဖိုင်က အရေးမကြီးတဲ့ ဖိုင်ဆိုရင် အမြန်ဆုံး ပြန်ရှာဖို့ File Recovery Software တွေကို သုံးနိုင်ပါတယ်။ Freeware တစ်ခုဖြစ်တဲ့ Recuvaကို ဒေါင်းပြီး အင်စတော လုပ်ပါ။

Recuva နဲ့ Drive ကို Scan လုပ်ပြီး ဖိုင်ကို ပြန်ရှာ နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းကို သုံးရင် သင့်ဖိုင် တွေကို ပြန်ရဖို့ မသေချာ ပါဘူး။ Recuva ကို အင်စတော လုပ်တဲ့ အခါ ဖျက်လိုက် မိတဲ့ဖိုင်ရဲ့ ဒေတာတွေ အပေါ်ကို Overwrite လုပ်သွား နိုင်ပါတယ်။

နောက်ပြီး တစ်ခြား Runနေတဲ့ Programsတွေ၊ Backgroundမှာ Runနေတဲ့ Programsတွေကလည်း Overwrite လုပ်သွား နိုင်ပါတယ်။



Professional Data Recovery Services

ဖျက်မိတဲ့ ဖိုင်ဟာ သင့်အတွက် အလွန် အရေး ကြီးတဲ့ ဖိုင်ဖြစ်ပြီး အပေါ်က နည်းတွေနဲ့ ပြန်ရှာလို့ မတွေ့ရင် စက်ကို ပိတ်ပြီး Professional Data Recovery Services တွေဆီကို ပို့လိုက်ပါ။ အဲဒီ Services တွေ Dying Hard Drive, Overwrite ဖြစ်သွား တာတွေ ကိုပါ ပြန်ရှာ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာမတော့ မခံပါဘူး။ အဲဒီ Services တွေရဲ့ ၀န်ဆောင်ခဟာ ကြီးမြင့်ပြီး နိုင်ငံခြားမှာတော့ ရှိပါတယ်။ ဒီမှာတော့ မသိပါ။

သင့်ရဲ့ အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့

သင့်ရဲ့အဖိုးတန် ဖိုင်တွေ မပျက်ဆီးစေဖို့ အမြဲတမ်း Backup လုပ်ဖို့ အရေးကြီး ပါတယ်။ Windows Backup Tools တွေကို သုံးနိုင်သလို တစ်ခြား Software တွေကိုလည်း သုံးနိုင် ပါတယ်။ Cloud Storage တွေမှာလည်း သင့်ဖိုင်တွေကို သိမ်းပြီး Backup လုပ်နိုင်ပါတယ်။

ict.com.mm

Originally published at - http://ict.com.mm/2013/08/13/the-way-to-turn-find-the-fault-file/

Read More »

မြန်နှုန်းမြင့် အင်တာနက် ဘာကြောင့် နှေးသလဲ




မိုဘိုင်း အင်တာနက်ကို 4G အမြန်နှုန်းနဲ့ ရပါပြီလို့ အော်ပရေတာ တစ်ခုက ကြေငြာလိုက်ချိန်မှာ မြန်မာ့ အင်တာနက် လောကရဲ့အချိုးအကွေ့ တစ်ခု စပါတယ်။

တကယ်သုံးလို့ ရတဲ့ မြန်နှုန်းမြင့် အင်တာနက်ဟာ 4G ဖြစ်မှာလား။ လူတွေ သို့လော သို့လော တွေးကြ ပါတယ်။ မြန်မာပြည်မှာ မြန်နှုန်းမြင့် အင်တာနက် လို့ခေါ်တဲ့ broadband အင်တာနက်ကို ထူထောင် ခဲ့ဖူးပါတယ်။ လက်တွေ့ အတွေ့ အကြုံ အရ ပြောရမယ် ဆိုရင် ဘယ်တုန်းကမှ Mbps အမြန်နှုန်းနဲ့ ရတာ မတွေ့ဖူးပါဘူး။

တစ်မိနစ် သုံးလေးကျပ်နဲ့ ပေးတဲ့ မိုဘိုင်း အင်တာနက် အမြန်နှုန်း 30 Kbps ထက် လေးငါး ဆယ်ဆလောက် ပိုမြန်တာပဲ ရှိပါတယ်။ တကယ့် broadband အစစ်ကို မမြင်ဘူးတဲ့ လူတွေ ကတော့ broadband အင်တာနက် ပေါ့ဗျာ။ အဲဒီ broadband တွေရဲ့အမြန်နှုန်းဟာ အခုလည်း ထူးပြီး ပိုကောင်း မလာ သေးပါဘူး။ ကနဦး တပ်ဆင်ခ ဈေးကြီးတဲ့ အပြင် 1Mb အတွက် ကုန်ကျ စရိတ် ကလည်း ကြိုက်သလောက်သုံး ကျ သလောက်ရှင်း မိုဘိုင်း အင်တာနက်နဲ့ အပြိုင် ဈေးကြီးပါတယ်။

ဒါဖြင့် မိုဘိုင်း 4G အင်တာနက် ကရော မြန်နှုန်းမြင့် အင်တာနက် ဖြစ်တဲ့ broadband အင်တာနက် ဖြစ်လာ မှာလား။ 4G မြန်နှုန်းမြင့် အင်တာနက်ရဲ့အခြေခံ အမြန်နှုန်းဟာ download 27 Mbps ၀န်းကျင်နဲ့ upload 14 Mbps အမြန်နှုန်း နီးပါး ဖြစ်ပါ တယ်။ အခု လက်ရှိ ထုတ်လွှတ်နေတဲ့ 4G အင်တာနက်ဟာMbps အမြန်နှုန်း ကို တစ်သမတ်တည်း မရသေး ပါဘူး။ တာဝါတိုင် ဝေးတဲ့ နေရာတွေမှာ 3G အမြန်နှုန်း သာသာပဲ ရပါတယ်။

မိုဘိုင်း အင်တာနက်နဲ့ broadband အင်တာနက်ကို စိန်ခေါ်မယ့် Wi-Fi အင်တာနက် ကလည်း ရန်ကုန်မြို့မှာ တဖြည်းဖြည်း တစစ ချဲ့ထွင် လာနေ ပါတယ်။ ဈေးနှုန်း သင့်ပါတယ်။ Wi-Fi အင်တာနက် ရတဲ့ နေရာ တစ်ဝိုက်မှာ သုံးစွဲသူ အတော် အတန် ရှိလို့ သူလည်း Mbps အမြန်နှုန်း တစ်သမတ်တည်း မရသေးပါဘူး။ ဒါပေမယ့် spectrum တွေ ခွဲဝေပေးတဲ့ လုပ်ငန်းစဉ် ပြီးသွားရင် Operator တွေကို သူတို့ နှစ်သက်ရာ ရင်းမြစ်ကနေ အင်တာနက် ရယူ ခွင့်ပေးပြီး သီးခြား Gateway တွေ ဖွင့်ပေး လာမယ် ဆိုရင် လက်ရှိ အင်တာနက် အမြန်နှုန်း ဟာ မိုဘိုင်း၊broadband နဲ့Wi-Fi ဘယ်ခေါင်းစဉ် အောက်မှာ သုံးသုံး လက်ရှိ အမြန်ဆုံးနှုန်းထက် ငါးဆကနေ ဆယ်ဆ အထိ တက်လာဖို့ အကြောင်း ရှိပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာWi-Fi ကနေသုံးတဲ့အင်တာနက်ဟာအနိမ့်ဆုံး17 Mbps ကနေအမြင့်ဆုံး76 Mbps အထိရောက်နေပါပြီ။ မြန်မာပြည်မှာ အဲဒီအခြေအနေရောက်လာရင်ရော သူတို့ပြောထားတဲ့ အမြန်နှုန်း အတိုင်းရနိုင်မှာလား။ မရနိုင်တဲ့နေရာတွေရှိနေပါဦးမယ်။ ဘာကြောင့်မရနိုင်သလဲဆိုတဲ့ကိစ္စကို ကြည့်တဲ့အခါ Local interference ကိုရှေ့ဆုံးမှာ သွားပြီး တွေ့ရပါတယ်။Wi-Fi အင်တာနက် သုံးတဲ့ အခါမှာ နေရာတစ်ခုက ထုတ်လွှတ်ပေးတဲ့ band width ကို မျှဝေပြီးသုံးကြရတာ ဖြစ်ပါတယ်။

အင်တာနက် သုံးတဲ့ အခါမှာ သာမန် website ကြည့်ရုံလောက်၊ Facebook သတင်း ဖတ်ရုံလောက် လူတွေ ရှိသလို အရွယ်အစား ကြီးကြီးဖိုင်တွေကို Upload / download လုပ်တဲ့ လူတွေလည်း ရှိပါတယ်။ အင်တာနက် bandwidth အသုံးကြမ်းတဲ့ လူနဲ့ တော်ရုံသုံးတဲ့ လူတွေဟာ Wireless Channel တစ်ခုတည်း ပေါ်မှာ frequency တစ်ခုတည်း
ပေါ်မှာ သုံးကြမယ် ဆိုရင်အင်တာနက် အမြန်နှုန်းကို အနည်းနဲ့ အများ ထိခိုက်ပါမယ်။

ဒါကြောင့်router ကတစ်ဆင့် Wi-Fi သုံးမယ် ဆိုရင် 2.5 GHz သာမကဘဲ 5GHz ပါသုံးနိုင်တဲ့ နှစ်မျိုးသုံး router ၀ယ်ဖို့ လိုပါတယ်။ လိုင်းကြပ်တဲ့ အခါမှာ 5GHz band ကို ပြောင်းသုံးဖို့ လိုပါတယ်။ သူ့ထဲမှာ တစ်ခုနဲ့ တစ်ခု မထပ်တဲ့ channel ပေါင်း (၂၃)ခု ရှိပါတယ်။ ဒါ့အပြင် တခြား Wireless network တွေကလာပြီး အနှောင့်အယှက်ပေးတာကို ကြုံဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒါကြောင့် Wi-fi network တစ်ခုတည်းမှာ အင်တာနက် သုံးနေရင်တောင် တခြားလူတွေ ကြောင့်အင်တာနက် အမြန်နှုန်း သိသိ သာသာ နှေး တာမျိုး မကြုံနိုင် ပါဘူး။

ဒါ့အပြင်တခြားနည်းလမ်းတစ်ခုက လိုင်းသိပ်မကြပ်တဲ့ channel ထဲကို ပြောင်းသုံးဖို့ ဖြစ်ပါတယ်။ ချောင်တဲ့ လိုင်းကိုရှာဖို့ အတွက် အခမဲ့ရနိုင်တဲ့ Wi-fiinfoview ကိုသုံးနိုင်ပါတယ်။ www.nirsoft.com ကနေ download ချယူ နိုင်ပါတယ်။ Software ကို install လုပ်ပြီးရင် Options ကိုကလစ်နှိပ် ရပါမယ်။ ပြီးရင် Channel mode ကိုရွေးပြီး ကိုယ့်ဆီကို အနီးအနား ကနေလွှင့်ပေးနေတဲ့ Wi-fi လိုင်းဘယ်လောက် ရှိတယ် ဆိုတာကို ရှာရပါမယ်။

Wi-fi လွှင့်ဖို့ အတွက် အများဆုံးရွေးကြတာက 1/6/11 လိုင်းသုံးလိုင်း ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်သုံးနေ တာဟာ အဲဒီသုံးလိုင်းထဲက တစ်ခုခုဖြစ်နေပြီး လိုင်းကလည်းကြပ်
နေတယ် ဆိုရင် router setting ထဲဝင်ကြည့်ပြီး အဆင်ပြေမယ့် လိုင်းတစ်ခုခု ကိုပြောင်းသင့် ပါတယ်။ အင်တာနက်အမြန်နှုန်း နှေးရ တဲ့အကြောင်းရင်းမှာ အိမ်တွင်း အနှောင့် အယှက် တွေကလည်း ပါပါတယ်။

ပြူတင်းပေါက်နားမှာအင်တာနက်သုံးတာနဲ့ အိမ်အတွင်းဖက် အခန်းတစ်ခုခုထဲ ကနေ အင်တာနက်သုံးတာ ကွာမှန်း လူအတော် များများ သဘောပေါက် ပါလိမ့် မယ်။ အိမ်ထဲမှာ ကာထားတဲ့ နံရံတွေက Wi-fi အင်တာနက် အမြန်နှုန်းကို ထိခိုက် စေနိုင် သလိုအနီးအနားမှာ တိုက်အမြင့်ကြီးတွေပိတ်ဆို့နေတာ ကလည်း အင်တာနက် အမြန်နှုန်းကို ထိခိုက်စေ ပါတယ်။

အိမ်ကို အင်တာနက်လွှင့်တဲ့ နေရာနဲ့ နီးအောင်ရွှေ့ဖို့က အမြဲ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကို ပြေလည်ဖို့ အတွက် Wi-fi extender ကို သုံးနိုင်ပါတယ်။ Wi-fi extender တွေ ထဲမှာ Netgear၊ TP-Link နဲ့Link-sys တို့ဟာ စိတ်အချရဆုံး ဖြစ်ပြီး လူကြိုက် များပါတယ်။

အိမ် ဒါမှမဟုတ် ရုံးခန်းထဲမှာ ရှိတဲ့ Micro-wave oven ၊security camera စတာတွေ ကလည်း wireless signal ကို အကြီးအကျယ် ဒုက္ခပေးနိုင် ပါတယ်။ ဒါကြောင့် router ကို အဲဒီ ပစ္စည်းတွေနဲ့ ဝေးရာမှရွှေ့ သုံးသင့် ပါတယ်။ ရွှေ့ဖို့မဖြစ်နိုင်ရင် 5GHz ကို တက်ပြီးသုံးသင့် ပါတယ်။ အင်တာနက်နှေးစေရတဲ့ အကြောင်းထဲမှာ ISP ကနေ အင်တာနက် အမြန်နှုန်း ကန့်သတ် တာလည်း ပါပါတယ်။ အချိန်နဲ့ သုံးတဲ့ မိုဘိုင်း အင်တာနက်ကိုပဲ ကြည့်ပါ။ အမြင့်ဆုံးမြန်နှုန်း 30Kbps ၀န်းကျင်မှာပဲ ရှိအောင် ကန့်သတ် ထားပါတယ်။ အင်တာနက် လူသုံးများ တဲ့ အချိန်မှာ bandwidth တစ်ကြောင်းကို အများဆုံး ဘယ်လောက်ထိပဲ ခွင့်ပြုမယ် ဆိုတာမျိုး တချို့ISP တွေက လုပ်လေ့ ရှိပါတယ်။

တချို့အင်တာနက် အသုံးပြုပုံမျိုး (ဥပမာ facebook ကြည့်တာ) ကို ဦးစား ပေးပြီး တချို့အင်တာနက် အသုံးပြုပုံမျိုး (ဥပမာ ဖိုင်ကြီးကြီးတွေ download ချတာ) ကို ဦးစားမပေး တာမျိုး ရှိပါတယ်။ band width ကန့်သတ်တာဟာ အင်တာနက် သုံးစွဲသူ အားလုံး အတွက် မျှတတဲ့ နည်းလမ်းလို့ ISP တွေက ယူဆ ပါတယ်။

အင်တာနက်သုံး တဲ့ အခါမှာ အနည်းစုသော လူတွေဟာ လုပ်ငန်းသုံး ဖြစ်တာမို့ (ဥပမာfirmware တွေdownload ချတာ) ဖိုင်ကြီးကြီး တွေ download ချရတယ်။ ဒီလိုလူတွေ နည်းနည်းဆို တော်သေးရဲ့။ များလာ ရင် ISP တွေက လုံလောက်အောင် band-width မပေးနိုင်ဘူး။

Internet Download Manager သုံးပြီး လမ်းကြောင်းတွေ တစ်ကြောင်း မက ဖြန့်ကြက် သုံးလာ ခဲ့ရင် လူတိုင်းကို ISP က တစ်ချိန်တည်းမှာ မြန်နှုန်းမြင့် အင်တာနက် မပေးနိုင်
တော့ဘူး။ ဒါကြောင့် အများစုက traffic management လုပ်ပြီး bandwidth တစ်ခုမှာ ရှိအောင်ထိန်းတယ်။ တချို့က ယူတဲ့ အမြန်နှုန်း အပေါ်မူတည်ပြီးအချိုးကျ bandwidth ပေး တာမျိုး ရှိတယ်။ တချို့ကလိုင်းကျပ် တဲ့ အချိန်မှာdata download/upload ဘယ်လောက် ထိပဲ ခွင့်ပြုမယ် ဆိုတာ ရှိတယ်။ သတ်မှတ်ပမာဏ ပြည့်ရင်အင်တာနက်ကို ရိုးရိုးသုံး ရုံပဲခွင့်ပြုတယ်။

Upload / download ကို မြန်နှုန်းမြင့် မပေးတော့ ပါဘူး။ ဒါကြောင့် ISP အပေါ် မူတည်ပြီး အင်တာနက် မြန်နှုန်း အနှေး အမြန် ရှိနိုင်ပါတယ်။ အင်တာနက်နှေးရတဲ့ အကြောင်းထဲမှာ Browser ကလည်း ကဏ္ဍ တစ်ခု အနေနဲ့ ပါတယ်။ တစ်ခါ တလေမှာ pageloading အရမ်းနှေးတယ်။ ဘာကြောင့်လဲ ဆိုရင် Resource အစားအ၀ါး ကြမ်းတဲ့ Adblock Plus လိုဟာ မျိုးက ဘယ်ကြော်ငြာတွေ ခွင့်ပြုမယ်၊ ဘာတွေ ခွင့်မပြုဘူး ဆိုတာခွဲခြမ်း စိတ်ဖြာရင်း အင်တာနက် နှေးနိုင်ပါတယ်။ Flash လို Plug-in မျိုးက လည်း ပြဿနာတွေ ရှိပြီး အင်တာနက် သုံးရာမှာ နှေးကွေး မှုတွေ ဖြစ်စေ ပါတယ်။

Chrome မှာဆိုရင်လည်း Resource အစားကြမ်းတဲ့ tools တွေရှိတယ်။ နောက်ကွယ် ကနေ အလုပ် လုပ်တာမို့ မြင်လည်း မမြင်ရပါဘူး။ Shift နဲ့ESC ကိုနှိပ်ပြီးTask Manager ကို ခေါ်တင်၊ အဲဒီနောက်မှာ Memory Column ကြည့်ရင် ဘာတွေလဲ ဆိုတာ တွေ့ရပါမယ်။

မလိုအပ်ဘဲရှိနေတဲ့Tools နဲ့Plug-in တွေက အင်တာနက် အမြန်နှုန်း နှေးစေတဲ့ အပြင်data ပမာဏကိုပါ ၀ိုင်းသုံးကြ ပါတယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal

Originally published at - https://web.facebook.com/officialmobileguidejournal

Read More »

Thursday, June 2, 2016

အက်ပလီကေးရှင်းတွေ ပျောက်ကွယ်သွားမယ့်ခေတ်




App တစ်ခုမှ မပါတဲ့ စမတ်ဖုန်း တစ်လုံး ဆိုတာ စိတ်ကူး ကြည့်တာနဲ့ တင် တော်တော်လေး အဆင် မပြေသလို ဖြစ်နေ ပါတယ်။ လက်ရှိခေတ် နည်းပညာပိုင်း အရ စမတ်ဖုန်း
တွေကို အိတ်ဆောင် ကွန်ပျူတာလေးတွေလို စွမ်းဆောင်ရည် မြင့်မားနေစေဖို့ App တွေရဲ့အခန်း ကဏ္ဍက ကြီးမား လွန်းနေ တာကြောင့်ပါ။

ဒါပေမဲ့ ဆက်တိုက် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရေစီးကြောင်း သဘာဝအရ App တွေရဲ့ခေတ်ဟာလည်း ကုန်ဆုံး လာတော့မယ် လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

တချို့ကဆိုရင် မကြာခင်နှစ် အနည်းငယ် အတွင်း မှာတင် App တွေ လုံးဝပျောက်ကွယ် သွားပြီး App ကင်းမဲ့ရာ နည်းပညာခေတ်ထဲ ချင်းနင်း ဝင်ရောက်နိုင်တော့မယ်လို့ ယုံကြည်နေ ပါပြီ။

App တွေ ပျောက်ကွယ်သွားနိုင်တဲ့ အကြောင်းရင်း

‘‘သိပ်မကြာခင် အနာဂတ်မှာApp တွေ အမှန်တကယ်ပျောက် ကွယ်သွားနိုင်ပါတယ်။ အဲဒီအစားInstant Messaging နဲ့ SocialMedia Interface တွေဟာ နည်းပညာ နယ်ပယ် သစ်ရဲ့ အခြေခံ အကျဆုံး ဝင်ပေါက်တွေ ဖြစ်လာလိမ့်မယ်’’လို့ Software ကုမ္ပဏီ Unit4ရဲ့ ဗိသုကာဌာန အကြီးအကဲ ကလော့စ်ဂျပ်ဆန်က ဆိုတယ်။

App တွေကို ထိန်းချုပ်ခိုင်းစေရာမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလို အပ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ နည်းပညာ ကိရိယာတွေ တီထွင်လာတာ၊ အ သံနဲ့ထိန်းချုပ် ခိုင်းစေနိုင်တဲ့ ဉာဏ်ရည်တု နည်းပညာတွေ ထွက်ပေါ်လာတာဟာ App တွေရဲ့ နိဂုံးပိုင်းနီးကပ်လာတဲ့ အရိပ်လက္ခဏာ တွေ ဖြစ်နိုင်ပါတယ်။

App တွေမှာ ကြုံရတဲ့ ပြဿနာတွေ

App တွေ အသုံးတွင်ကျယ် လာတာနဲ့အမျှ စမတ်ဖုန်းနည်း ပညာမှာ နေရာယူမှုကလည်း ကြီးမားလာတယ်။ SoftwareUpdate ပိုင်းတွေ၊ ဖုန်းရဲ့ နောက်ကွယ်က လုပ်ဆောင် မှုတွေက အစ App တွေရဲ့ ထိန်းချုပ်မှုက အရေးပါ လာတယ်။ ဒါပေမဲ့ App တွေကို အသုံးချရာမှာ အဆင့်လိုက်ထိန်း ချုပ်ရတဲ့ လိုအပ်ချက်က ရှိနေဆဲ ပဲ။ Apple က Siri လို နည်းပညာကို တီထွင်ခဲ့ပြီး တစ်စထက် တစ်စ အဆင့်မြှင့်လာနိုင်တဲ့ အခါမှာတော့ လုပ်ဆောင်မှုတွေကို စကားတစ်ခွန်းတည်းနဲ့ ပြီးမြောက်စေတယ်။ App တွေကို အဆင့်ဆင့် အသုံးပြု ရတဲ့ အခြေ အနေကို ကျော်လွှား လာနိုင်ခဲ့တယ်။

ဝင်ငွေကဏ္ဍအရလည်း Appတွေနဲ့ပတ်သက်ပြီး စမတ်ဖုန်း ကုမ္ပဏီတွေအတွက် စိတ်ပျက်စရာညွှန်ကိန်းတွေ ကြုံလာခဲ့ တယ်။ App Store တွေကနေ ဝင်ငွေရှာဖွေရာမှာ Apple နဲ့ Google ရဲ့ Android တို့က အဓိက ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်။

Appleကတော့ App တွေ ရောင်းချမှုက နေ ဝင်ငွေအများဆုံးရနေတဲ့ ကုမ္ပဏီပါ။ ၂၀၁၅ အတွင်း App တွေ Download လုပ်သမျှရဲ့ ငွေကြေး ၁၅ ရာခိုင်နှုန်းကို Apple ကရရှိခဲ့တယ်။

ဒါပေမဲ့ ၂၀၁၆ မှာတော့ ၈ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ IDC က ဆိုပါတယ်။မိုဘိုင်းဖုန်း App တွေ အသုံးပြုမှုဟာ လာမယ့်နှစ်တွေမှာ တိုးမြင့်လာနိုင်ပေမယ့် နည်းပညာ ကုမ္ပဏီတွေ မျှော်လင့်ထားသလောက် တော့ အရှိန်မကောင်းနိုင်ဘူးလို့ လည်း IDC က ခန့်မှန်းတယ်။

နောက်ပြီး App တွေရဲ့ ပြဿနာတစ်ခုက သုံးစွဲသူရဲ့ ပထမဆုံးအတွေ့အကြုံမှာ အ ထင်ကြီးမှု ရအောင်မယူနိုင်ရင် မအောင်မြင်ဖို့ သေချာသလောက် ဖြစ်သွားတတ်တာပါ။ Dynatraceက ကိုယ်ပိုင်သုတေသနပြုမှုတစ်ခု အရ စမတ်ဖုန်းကိုင်ဆောင်သူ ထက်ဝက်နီးပါး (၄၇ ရာခိုင်နှုန်း)ဟာ App တစ်ခုကို ဖွင့်လှစ်အသုံး ပြုဖို့ သုံးစက္ကန့်လောက်ပဲ အချိန် ပေးလိုကြတယ်လို့ သိရပါတယ်။ တကယ်လို့ အစပိုင်းမှာ အထင်မကြီးတော့ဘူးဆိုရင် လူအားလုံး ရဲ့ သုံးပုံတစ်ပုံနီးပါး (၃၂ ရာခိုင် နှုန်း)ဟာ အဲဒီ App ကို လုံးဝထပ် မသုံးတော့ဘူးလို့လည်း Dynat-race က ဆိုတယ်။

App တွေရဲ့ အသုံးဝင်မှု ကန့်သတ်ချက်တွေ

ဒါပေမဲ့ App တွေရဲ့ အားနည်းချက်မဟုတ်ဘဲနဲ့လည်း အ ခြေအနေ၊ အချိန်အခါအလိုက် အရေးပါမှု လျော့ကျလာတာတွေ လည်း ရှိတယ်။ စမတ်ဖုန်း နည်းပညာ စတင် ထွန်းကား တုန်းက လူကြိုက်အများဆုံး App တွေကို မှတ် မိကြပါသေးသလား။ ကင်မရာ၊ အီးမေးလ်နဲ့ ဓာတ်မီးတို့လို App တွေ ဖြစ်ပါတယ်။ အခုတော့ ဒါတွေက ဖုန်းတိုင်းလိုလိုမှာ စံသတ်မှတ် ချက်အနေနဲ့ ပါဝင်နေ ပြီ။ ဒီလို Feature တွေကို ပိုပြီးကောင်းမွန်အောင်မြှင့်တင်ဖို့ ကြိုးစားနေတဲ့ App တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အများစုက တော့ ဖုန်းမှာပါနေပြီးသား။ ထပ်ပြီး အသုံးမလိုတော့သလို ဖြစ်လာတယ်။

‘‘လူတွေက App အသစ်တွေထပ်ထည့်ဖို့ သိပ်စိတ်မဝင်စားတဲ့ သဘောမျိုးဖြစ်လာတယ်။ Appတွေကို မှီခိုလိုစိတ်နည်းလာ တယ်။ ဒါဟာ ရေရှည်မှာ App တွေ လုံးဝပျောက်ကွယ် သွားနိုင်တဲ့ အလားအလာတစ်ခုပဲ’’လို့ အချက် အလက်နဲ့ အရည်အသွေးဆန်း စစ်မှုဌာန PCA Predict က အမှုဆောင်ချုပ် ဂျေမီတာနာက ဆိုတယ်။

‘‘အခုဆိုရင် App တော်တော်များများက မည်းပြာပုဆိုးဆန်လာတယ်။ ဝက်ဘ်ဆိုက်အ သေးလေးတစ်ခုကို ညွှန်းထားတဲ့ Bookmark မျိုးထက် နည်းနည်းပဲ ပိုတော့တယ်။ တကယ့်ရင်းမြစ်ကို App ထက် အဲဒီဝက်ဘ်ဆိုက်က လုပ်ပေးနေရတာမျိုးတွေ ဖြစ်လာ တယ်’’လို့လည်း သူက ပြောပါ တယ်။

တကယ်လို့ မူရင်းရင်းမြစ်ရဲ့ ဝန်ဆောင်မှု အထောက်အပံ့ကို တခြားနည်းလမ်းတစ်ခုခုနဲ့ ဆက်သွယ်ရယူနိုင်မယ်ဆိုရင် App တွေက လုံးဝအသုံးမဝင်သလို ဖြစ်သွားပါလိမ့်မယ်။ အသံနဲ့ ထိန်းချုပ်ခိုင်း စေတဲ့ နည်းပညာမျိုးဟာ ဒီစိတ် ကူးနဲ့ အခြေခံတူညီနေတာကို မြင် နိုင်ပါတယ်။ ဒါ့အပြင် တကယ့် လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ ဝန်ဆောင်မှုတွေကိုလည်း Appတွေကနေ တစ်ဆင့်ချိတ်ဆက် ခေါ်ယူတာမျိုး လူတွေက မလိုလားကြဘူး။ Uber နဲ့ Lyft ကနေ အငှားကားခေါ်စီးဖို့ ဘယ်သူမှ Appကို မသုံးချင်ဘူး။ Netflix ဗီဒီယိုတွေ ကြည့်ရင်လည်း ဒီသဘောပဲ။ ကိုယ်ဘယ်ဇာတ်ကားကို ကြည့်ချင် သလဲ ဆိုတာကို ကိုယ့်ဖုန်းကို တိုက်ရိုက် ကျကျ ပြောပြ လိုက်တာ မျိုးကိုပဲ လိုလား ကြတာမဟုတ် လား။



ကြားခံ App တွေရဲ့ အခန်းကဏ္ဍ

နည်းပညာ ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ဆောင်မှုတွေ အတွက် App တွေကို တီထွင် ခဲ့ကြပါတယ်။ ဒါပေမဲ့ App အချင်းချင်း အပြန်အလှန် ချိတ်ဆက်ပြီး ပိုပြည့်စုံတဲ့ ဝန်ဆောင်မှုကို ပေးနိုင်ဖို့ ကြိုးစား လာတယ်။

ဒါဟာ စီးပွားရေး အရ ပေါင်းစည်း မှုတွေလည်း ဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ လက်တွေ့သုံးစွဲ သူတွေ အတွက်တော့ ရှုပ်ထွေးတဲ့ အတွေ့ အကြုံအချို့ ဖြစ်ပေါ် လာစေတယ်။ Facebook က Messe-nger နဲ့ သွား ပူးပေါင်း သလိုမျိုး ပေါ့။ အဲဒီ အချိန်မှာ Siri လို ဝန်ဆောင်မှုမျိုးက ကိစ္စအများစုကို အလွယ်တကူ ခိုင်းစေပြီးမြောက် စေတယ်။ ဖွဲ့စည်းပုံ ရှင်းလင်း တယ်။ အသုံးပြုရ လွယ်ကူတယ်။ ဒီလိုဝန်ဆောင်မှု မျိုးတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်လာလေ လေ၊ App တွေရဲ့ အခန်း ကဏ္ဍက သေးငယ်လျော့ပါး သွားလေလေ ဖြစ်မယ်လို့ လေ့လာ သူတွေက ယုံကြည်နေတယ်။

စမတ်အေးဂျင့်တွေ

Siri လို ဝန်ဆောင်မှု aတွကို စမတ်အေးဂျင့် တွေလို့ ညွှန်းဆို ပါတယ်။ စမတ်ဖုန်း အသုံးပြုသူ အတွက် ပိုပြီး လွယ်ကူ ပြည့်စုံအောင် အထောက်အပံ့ ပေးနေတဲ့ စနစ်မျိုးပါ။

၂၀၂၀ ပြည့်နှစ်လောက်မှာ စမတ်အေးဂျင့်တွေဟာ မိုဘိုင်းဖုန်းနဲ့ အသုံးပြုသူကြား ထိတွေ့ ဆက်နွှယ်မှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို တာဝန်ယူ ကိုင်တွယ်နိုင်တဲ့ အဆင့်မျိုး ရောက်နေ လိမ့်မယ်လို့ ကျွမ်းကျင် သူတွေက ခန့်မှန်း ထားတယ်။

Apple မှာ Siri ရှိနေ သလို Google ရဲ့ Google Now၊Cortana၊ Alexa တို့လို စမတ်အေး ဂျင့်တွေ ပိုပြီးအဆင့်မြင့်လာမယ့် အခြေအနေရှိပါတယ်။ ဒါ့အပြင် ဒီစမတ်အေးဂျင့်တွေရဲ့ သင်ယူ နိုင်မှု ဉာဏ်ရည်တုကလည်း ပိုပြီး ထက်မြက် လာနိုင်တယ်။ ဒီအခါမှာ ဖုန်းသုံးစွဲသူကို အစစအရာရာ အကူအညီ ပေးလာနိုင်တယ်။ ‘‘ကိုယ့်အတွက် လမ်းညွှန်ဖို့ အ ချက် အလက် အားလုံးကို စမတ် အေးဂျင့်က ပြောပြနေပြီ ဆိုရင် ဘယ်သူ ကများ လမ်းညွှန်မြေပုံ App တစ်ခုကို သုံးတော့မှာတဲ့လဲ’’ လို့ တာနာက ထောက်ပြခဲ့တယ်။

App တွေ ပျောက်ကွယ်သွားမယ့်ခေတ်

လက်ရှိအချိန်မှာ App တွေဟာ စမတ်ဖုန်းအသုံးပြုမှု အတွေ့ အကြုံအတွက် အရေးအပါဆုံး နည်းပညာအထောက်အပံ့အဖြစ် ရပ်တည်နေဆဲပါ။ ဒါပေမဲ့ သူတို့ရဲ့အလား အလာကို စောင့်ကြည့် နေဖို့တော့ လိုလာ ပါလိမ့်မယ်။ ‘‘Screen ပေါ် ပေါ်လာတဲ့ ခလုတ်တွေကို လိုက်နှိပ်နေရတာ လူတွေအကြိုက်ဆုံး အမူအကျင့်တော့ မဟုတ်ဘူး။ လူတွေရဲ့ ပင်ကိုသဘာဝ မဟုတ်ဘူး။ ကျွန်တော်တို့က ပိုပြီးတော့ ရည်မှန်းချက် ကြီးတဲ့၊ ကျယ်ပြောတဲ့ ကမ္ဘာ တစ်ခုဆီ ဦးတည်နေတာ။

သဘာဝဆန် တဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို နည်းပညာက ပေါင်းကူးလိုက်လျော ပေးဖို့ လိုတယ်’’လို့ Global DigitalSolutionsက အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဖရန့်ခ်ပါလာမိုက ဆိုတယ်။ သူက လူတွေရဲ့ သဘာဝအတိုင်း ပြောဆိုသွားလာ နေထိုင်မှုကို အခြေခံပြီး လိုက်ဖြည့်ဆည်းမယ့် စမတ်အေးဂျင့်တွေဟာ အနာဂတ်မှာ App တွေကို မျိုးသုဉ်းသွားစေ မယ်လို့ ယူဆနေတယ်။

‘‘Appတစ်ခုကို သုံးပြီဆိုရင် ကျွန်တော်တို့ ခလုတ်တော့နှိပ်ရ တော့မယ်။ ကျွန်တော်တို့ စာရိုက် ချင်ရိုက်ရမယ်။ ဟင့်အင်း။ ခလုတ်တွေ မနှိပ်ဘဲ၊ စာမရိုက်ဘဲ စကား တစ်ခွန်းလောက် ပြောလိုက်ပေမယ့် မြင်သာတဲ့ အထောက် အပံ့ တွေ ပေါ်လာမယ့် နည်းပညာမျိုး ထွန်းကား လာတဲ့ အခါ App တွေပျောက်သွား မှာပဲ။

နည်းပညာ ပြောင်းလဲဖြစ်တည်မှု အရှိ တရားကလည်း တစ်ချိန်မှာ ကျွန်တော်တို့ ရဲ့ မေးခွန်းကို နည်းပညာက ပြန်ဖြေပေး လာမယ်ဆိုတာ သေချာပါ တယ်’’လို့ ပါလာမိုက
ပြောပါတယ်။

အဲဒီအခါမှာ စမတ်ဖုန်းတစ်လုံးကို App တွေ ထည့်သုံးတဲ့သူမျိုးဟာ ကျောက်ခေတ်လူသား ဆန်ဆန် ရှုမြင်ခံရမယ့် ခေတ်တစ် ခေတ်ကို ရောက်လာမှာ ဖြစ်ပါ တယ်။

—Ref: TechRadar

(ဇွဲရဲဝင့် ဘာသာပြန်သည်)

Originally published at - http://www.7daydaily.com/story/66541

Read More »

Saturday, February 27, 2016

ဇော်ဂျီ၊ ယူနီကုတ်နှင့် ကွန်ပျူတာသုံး မြန်မာစာစနစ် အသုံးပြုသူ တစ်ဦး၏ အမြင်




ယခု ရက်ပိုင်း အတွင်း ဇော်ဂျီသံ ယူနီကုတ်သံ တညံညံ ပြန်ကြား ရပြန်သည်။ ထုံးစံ အတိုင်း မပြီးမစီး နိုင်သေးသည့် အငြင်းပွား မှုကြီးမှာ လက်ရှိ အချိန် အထိ အဘက်ဘက်မှ ယောင်ပေပေဖြင့် ပေတေ တင်းခံ နေကြဆဲ ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု နီးပါး အငြင်းပွား လာခဲ့သည့် အဆိုပါ ပြဿနာကြီးသည် လက်ရှိ အချိန် အထိ ရှေ့မတိုးသာ နောက် မဆုတ်သာဖြင့် တည်ရှိနေဆဲ။

ကျွန်တော်တို့ ဇော်ဂျီလည်း သုံးဖူး ကြမည်။ ယူနီကုတ်လည်း သုံးဖူး ကြမည်။ ထို့ထက် ပို၍ ကွန်ပျူတာနှင့် စောစော ထိတွေ့ သူများသည် ဝင်းမြန်မာစာ စနစ်လည်း သုံးခဲ့ ဖူးကြမည်။

မည်သည့် မြန်မာစာ စနစ် မဆို အဓိက ရည်မှန်း ချက်သည် ကွန်ပြူတာနှင့် စက်လည်ပတ် စနစ်များ ပေါ်တွင် မြန်မာစာကို အဆင်ပြေပြေ လွယ်လွယ် ကူကူ အသုံးပြုနိုင် စေရေးပင် ဖြစ်သည်။

ယခုတော့ ဒီလို မဟုတ်ပေ။ နည်းပညာ လောကနှင့် တစ်နိုင်ငံလုံး အတွက် အရေးပါ လှသည့် ကွန်ပျူတာသုံး မြန်မာစာ စနစ် တည်ဆောက် ရေးတွင် အဓိက အစုအဖွဲ့ကြီး နှစ်ခု၏ အငြင်းပွားမှု များကြောင့် ကွန်ပျူတာသုံး မြန်မာစာ စနစ်ရှေ့ဆက်တိုးရေးမှာ အောင်မြင်လု နီးမှ တန့်နေ ရသည်။

ဇော်ဂျီ မြန်မာစာ စနစ်ကို ၂၀၀၄ ခုနှစ်တွင် စတင် ထွက်ရှိ လာသည်။ ယူနီကုတ် 4.1 စံ သတ်မှတ်ချက်က ၂၀၀၈ ခုနှစ်မှ ထွက်ရှိ လာသည်။ ထို့ကြောင့် ယူနီကုတ်စံ သတ်မှတ်ချက်ကို လိုက်နာရန် ခက်ခဲ ခဲ့ခြင်း ဖြစ်သည်ဟု ဇော်ဂျီဘက်က ဆိုကြသည်။

ယူနီကုတ်သမားများကြလည်း မြန်မာစာ ယူနီကုတ်စံသတ်မှတ်ချက်များမှာ ၁၉၉၉ ယူနီကုတ် 3.0 ကတည်းပါ ပါလာသည်ဟု ငြင်းကြပြန်သည်။

မည်သို့ပင်ဖြစ်စေ ယူနီကုတ်စနစ်အကောင်အထည်ပေါ်မှသာ တိုင်းရင်းသားစာပေများ ကွန်ပျူတာပေါ်တွင် ရှင်သန်နိုင်မည်ဖြစ်သကဲ့သို့ ဇော်ဂျီအသုံးပြုသူများလိုက်ပါလာမှသာ ယူနီကုတ်လည်း ရှေ့ဆက်၍ ရမည်ဖြစ်သည်။ ဇော်ဂျီကို Upgrade လုပ်ခြင်း၊ ယူနီကုတ်ကို ပြောင်းကြခြင်းများသည် ပညာရှင်များ၏ အပိုင်းသာဖြစ်ပြီး အသုံးပြုသူများအတွက်မူ အဆင်ပြေလွယ်ကူခြင်းသည်သာ ပဓာနဖြစ်သည်ကို မမေ့ကြသင့်ပေ။



လက်ရှိအချိန်တွင် ဇော်ဂျီစနစ်မှာ လူသုံးအများဆုံး မြန်မာစာစနစ်ဖြစ်သည်။ ပြည်တွင်းပြည်ပရှိ မြန်မာများအသုံးပြုနေသည့် ကွန်ပျူတာတိုင်း ဖုန်းတိုင်းတွင် ဇော်ဂျီစနစ်ကိုသာ အသုံးပြုနေကြသည်။ ယူနီကုတ်မှာ နိုင်ငံတကာသုံး စံသတ်မှတ်ချက်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုသူ လက်တစ်ဆုပ်စာဖြင့်သာ တန့်နေရသည်။

ယင်းအပေါ် နှစ်ဘက် တာဝန်ရှိသူ များ၏ အမြင် လွဲမှားမှုများ ကလည်း ရှိနေသည်။ သူပြောင်းသင့်သည် ငါပြောင်း သင့်သည်နှင့် လိုရင်းကို မရောက်နိုင်တော့။ သေချာသည် ကတော့ မည်သို့ပင် အငြင်းပွားသည် ဖြစ်စေ ယူနီကုတ် စနစ်ကို ကတော့ သေချာပေါက် ပြောင်းလဲ ရမည်ဖြစ်သည်။

ယင်းသို့သေချာပေါက် ပြောင်းလဲရမည်ဖြစ်သောကြောင့် ယူနီကုတ်ဘက်က အမြင်ကို လိုက်လျော ရမည်ဟု မဆိုလို။ အကြောင်း အရင်းမှာ ထုနှင့် ထည်နှင့် ရှိနေသော ဇော်ဂျီ သုံးစွဲသူများ စိတ်ပါ လက်ပါ လိုက်လာအာင် ဖန်တီးပေး ရမည်ဖြစ်သောကြောင့် ဖြစ်သည်။

လူအများ၏ သဘောမှာ ရှင်းပါသည်။ မည်သည့် အပြောင်းအလဲကို မဆို တန်သည် ထင်လျှင် မည်သူမှ တိုက်တွန်း စရာမလို သူဆန္ဒ အလျောက်ကို ပြောင်းချ လာပါလိမ့်မည်။ သူတို့၏ ရင်ထဲ အသဲထဲ ရောက်အောင် လုပ်ပြနိုင်ဖို့သာ လိုသည်။

သည်အတိုင်း နေရင်းပင်လျှင် Software များ App များကို ဖုန်းဘီလ် အကုန်ခံ Update လုပ်ကြ သေးသည်။ ကွန်ပျူတာ၊ အင်တာနက်နှင့် မိုဘိုင်းဖုန်းများ ပေါ်တွင် မြန်မာလို ပို၍ အဆင်ပြေပြေ တိတိ ကျကျ လွယ်လွယ် ကူကူ သုံးနိုင်မည်မှာ သေချာနေသော ယူနီကုတ်ကို အဘယ်ကြောင့် မသုံးချင်မည်နည်း။ ပို၍ပင် သုံးချင်ကြဦးမည် ထင်သည်။

ထို့ကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အလျော့ပေး ညှိနှိုင်း၍ အဆိုပါ ကိစ္စလေး တစ်ခု ကိုတော့ဖြင့် ပြီးစီးအောင်မြင်အောင် လုပ်ဆောင် ကြစေလိုသည်။ သို့မဟုတ်ပါလျှင်မူ မြန်မာစာ စနစ်သည် စာစီစာရိုက် စနစ်တစ်ခု အဆင့်မျှသာ ရှိနေ ဦးမည်ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်၏ နည်းပညာ ကဏ္ဍဖွံ့ဖြိုးရေးတွင် အရေးပါ လှသည့် ကိစ္စကြီးကို ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များ ဘက်ကလည်း ယခင်ကဲ့သို့ ပေါ့ပေါ့ တန်တန် အလေး ဂရုမပြုခြင်းမျိုး မလုပ်သင့်တော့ပေ။ လေးလေး နက်နက် အာရုံ စိုက်ကာ ဝင်ရောက် ဦးဆောင်ပေးခြင်းမျိုး လုပ်ဆောင်သင့်သည်။

သက်ဆိုင်ရာ Stakeholders များမှ အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် အနေအထား အထိ ညှိနှိုင်းပေးခြင်းဖြင့် ရှေ့ဆက် တိုးသင့်ပေသည်။

တီထွင် ဖန်တီးသူ များတွင် မည်သည့် စံနှုန်း သတ်မှတ်ချက်များ၊ မည်သို့သော တီထွင် ဆန်းသစ်မှုများ ရှိနေသည်ဖြစ်စေ အသုံးပြုသူများ အတွက်မူ အဆင်ပြေပြေ လွယ်လွယ်ကူကူ သုံးနိုင်ရေးသည်သာ အဓိကဖြစ်သည်။

မည်သို့စံနှုန်း သတ်မှတ်သည်၊ မည်သို့ ဖန်တီး တီထွင်ရသည် ဆိုသည်ကို လူတိုင်း နားလည်နိုင်မည် မဟုတ်ပေ။ ပညာရှင်များသာ နားလည်နိုင်သည့် ကိစ္စရပ်များ အကြား အငြင်းပွားမှုများ အတွက် အသုံးပြုရမည့် ပြည်သူများ နစ်နာနေခြင်းများ မသင့်လျော်လှပေ။

နှစ်ဖက်လုံး၏ အဓိက ရည်မှန်းချက် မှာလည်း အသုံးပြုသူများ အဆင်ပြေပြေ သုံးနိုင်အောင် ဖန်တီးပေးချင်သည့် စေတနာပင် ဖြစ်မည်ဟု ထင်သည်။ ဤသို့ ဆိုလျှင် အသုံးပြုသူများ၏ မျက်နှာကိုသာ ကြည့်၍ ပြောင်းလဲကြလျှင် မရ ပါမည်လော။

တစ်ဖက်နှင့် တစ်ဖက် လက်ညှိုး ထိုး၍ တင်းခံနေ ကြမည့် အစား တစ်နိုင်ငံလုံးမှ ပြည်သူများ၏ မျက်နှာကို ကြည့်၍သာ ပြောင်းသင့်သည်ကို ခပ်မြန်မြန် ပြောင်းလဲခြင်းသည် အားလုံးကောင်းဖို့ ဖြစ်လာမည် ဖြစ်သည်။

သို့မဟုတ်ပါက တိုင်းပြည်၏ နည်းပညာ ကဏ္ဍဖွံ့ဖြိုးရေးနှင့် မြန်မာစာ စနစ်ဖွံ့ဖြိုးရေးတွင် အချိန်ကြန့်ကြာ သွားသည်သာ အဖတ် တင်မည် ဖြစ်သည်။

လာမည့် ၂၀၁၇ တွင် သေချာပေါက် ယူနီကုတ် တစ်မျိုးသား သုံးစွဲ ရတော့မည်ဟု သတင်းကြား မိသည်။ ဟုတ်မဟုတ်တော့ မသေချာ။ သေချာပါက ကြိုဆိုသင့်သည့် သတင်း တစ်ခုဖြစ်သည်။

သို့သော်လည်း သက်ဆိုင်ရာ ပညာရှင်များ တာဝန်ရှိသူများ အနေဖြင့် သုံးစွဲသူ များ၏ မျက်နှာ ကိုသာ ကြည့်၍ လက်ရှိ ပြဿနာများကို လျှင်လျှင် မြန်မြန် ဖြေရှင်းနိုင်လျှင် ၂၀၁၇ ပင် စောင့်စရာ မလိုဟု ထင်မိပါသည်။

~မောင်မိုးဇွန်~

Originally published at - http://www.blog.myanmardigitallife.com


Read More »

Monday, October 26, 2015

လူမှုအသိုင်းအ၀ိုင်းမှာ ကျယ်ပြန့်လာသော Instagram ဆိုတဲ့ ငါးနှစ်သား မိုဘိုင်း အပလီကေးရှင်း ၀န်ဆောင်မှု




Instragram ဆိုတာ မိုဘိုင်းဖုန်း ကနေ တစ်ဆင့် Facebook, Twitter, Tumblr and Flickr အစရှိတဲ့ လူမှု ကွန်ယက်တွေမှာ ဓါတ်ပုံနှင့် ဗီဒီယိုများ ဝေမျှနိုင်သည့် ၀န်ဆောင်မှု တစ်ခုဖြစ်ပြီး Instagram ၀န်ဆောင်မှုရဲ့ ငါးနှစ်ပြည့် အထိမ်း အမှတ်ပွဲ အတွက် ပွဲတက် စာရင်းမှာ အယောက်သန်း (၄၀၀) ရှိနေခဲ့ပါတယ်။

အဲဒီ အယောက် သန်း (၄၀၀) ကျော်ဟာ Instagram အပလီကေးရှင်း ၀န်ဆောင်မှုကို လစဉ် ပုံမှန် သုံးစွဲနေ သူများဖြစ် ပြီး အဲဒီ သုံးစွဲသူများရဲ့ ထက်ဝက် နီးပါးခန့်ဟာ အသက် (၂၅)နှစ်အောက် လူငယ်များ ဖြစ်ကြပါတယ်။

Facebook Twitter တို့နဲ့ အတူ ပူးတွဲ လည်ပတ် နေတဲ့ Instagram ဟာ တကယ်ပဲ နှစ်ခြိုက်စရာ ကောင်းလှတဲ့ အပလီကေးရှင်း ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

Instagram နဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အသုံးပြုနေတဲ့ လူမှုကွန်ယက် များကလည်း ရိုးရှင်း လွယ်ကူခြင်း ရှိဖို့ တောင်းဆို ထားတာမို့ Instagram ကို တည်ဆောက်တဲ့ သူများကလည်း Instagram စတင် ထွက်ရှိ ကတည်းက ယခုထိတိုင် အပြောင်းအလဲ အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ ကြပါတယ်။

သို့ပေမယ့် ကမကထ ပြုလုပ်ထားတဲ့ တင်ပြ ချက်တွေကြောင့် Instagram ရဲ့ရှေ့ရေးဟာ မတင်မကျ၊ ခန့်မှန်း၍ မရ ဖြစ်နေ ခဲ့ပါတယ်။ Instagram ဟာ ပုဂ္ဂိုလ် တစ်ဦးချင်းစီ အတွက် ထူးခြားမှု ပေးနေခြင်း အနေအထားမှ ဆုံးရှုံး သွားမှာလား ဒါမှ မဟုတ် အသွင်အပြင် အသစ်တွေနဲ့ နောက်ထပ် အောင်မြင်မှု အဆင့်တစ်ခုကို တက်လှမ်း သွားမှာလား ဆိုတာတော့ Instagram ရဲ့ရှေ့ရေးနဲ့ ဆိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အချိန်နာရီတွေကသာ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ ပြောပြ သွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Instagram မှ ပေးစွမ်းနေတဲ့ ပျော်ရွှင်ခြင်း တွေကို ခဏဘေးဖယ်ထားပြီး Instagram ဟာကမ္ဘာကြီးကို ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်လဲ စဉ်းစားဖို့ အချိန်ဖြစ်ပါတယ်။

ခင်အေးမြလွင်

ကိုးကားသတင်း။ ။ http://edition.cnn.com/2015/10/22/fashion/instagram-is-changing-the-world/index.html?sr=cnnifb

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/instagram.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »