
ဂျပန် နည်းပညာ ကုမ္မဏီ Softbank ဟာ သူတို့ရဲ့ Pepper ဆိုတဲ့ လူသား ဆန်တဲ့ စက်ရုပ် တွေကို ဂျပန်နိုင်ငံ ပြင်ပ မှာလည်း ပထမဆုံး အကြိမ် စတင် အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဂျပန် နိုင်ငံ ရဲ့ ဆက်သွယ်ရေး ကုမ္မဏီ တစ်ခုဖြစ်တဲ့ Softbank ဟာ Pepper စက်ရုပ်ပေါင်း များစွာကို ပြင်သစ်နိုင်ငံရဲ့ Claye-Souilly ဒေသမှာ ရှိတဲ့ ဟိုက်ပါ မားကတ် တစ်ခု မှာ စတင် ရောင်းချနေ ပါပြီ။ ထို စက်ရုပ်တွေဟာ ၀ယ်ယူသူတွေ အတွက် အကြံဥာဏ်ပေးမှုတွေ လုပ်ပေးနိုင်မယ့် အပြင် စိတ်ကျေနပ်မှု ရရှိအောင်လည်း စွမ်းဆောင်နိုင် တယ်လို့ AFP သတင်း ဌာနက ဖော်ပြ ထားပါတယ်။
"အဓိက ရည်ရွယ်ချက် ကတော့ လူတွေကို ဖျော်ဖြေဖို့နဲ့ သူတို့တွေ ဆိုင်တစ်ဆိုင်မှာ စက်ရုပ်တွေကို တွေ့တဲ့ အခါ ဘယ်လို တုံ့ပြန်တယ်ဆိုတာ သိချင်လို့ပါ" လို့ Softbank ကုမ္မဏီ က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Magali Cubier က ဆိုပါတယ်။
ထို စက်ရုပ်တွေကိုတော့ ၂၀၁၄ ခုနှစ်ဇွန်လမှာ Softbank ကုမ္မဏီ က ပထမဆုံး မိတ်ဆက်ပေး ခဲ့ပြီး တစ်နှစ်ခန့် အကြာမှာတော့ ဂျပန် နိုင်ငံအတွင်း မှာ စတင် ရောင်းချခဲ့ပါတယ်။
စက်ရုပ်တစ်ရုပ်ကို ဒေါ်လာ ၁၆၅၀ နဲ့ ရောင်းချ ခဲ့ရာမှာ ၁ မိနစ် အတွင်း စက်ရုပ် ၁၀၀၀ တိတိ ကို စံချိန်တင် ရောင်းချနိုင် ခဲ့ပါတယ်။ နောက်ထပ် ဇူလိုင် ၊ သြဂုတ် နဲ့ စက်တင်ဘာလ တွေမှာလည်း တစ်မိနစ် အတွင်း စက်ရုပ် ၁၀၀၀ ထပ်မံ ရောင်းချနိုင်ခဲ့ ပြန်ပါတယ်။
Pepper စက်ရုပ်တွေရဲ့ အားသာချက်ကတော့ အခြား စက်ရုပ် နည်းပညာ ကိရိယာတွေနဲ့ ကွာခြားမှုရှိနေ တာပါပဲ။ Pepper ဟာ သာမန် အစေခံ တစ်ယောက်ထက် ပိုမို မြင့်မားတဲ့ ဥာဏ်ပညာ ရှိပါတယ်။ ထို စက်ရုပ်တွေဟာ လူတွေရဲ့ အသံနဲ့ ခိုင်းစေမှု ကိုလည်းဆောင်ရွက် ပေးနိုင်ပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ဖတ်ပြီး အကောင်းဆုံး တုံ့ပြန်မှု လုပ်ပေးနိုင်တယ်လို့ ကုမ္မဏီက အခိုင်အမာ ဆိုထားပါတယ်။
Ref : CNET
Original link - http://technology.thithtoolwin.com/2015/10/pepper.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: