
မှန်ကွဲ သွားတဲ့ ဖုန်းတစ်လုံးကို ကိုယ့်ဘာသာ မှန်အသစ် ၀ယ်ပြီး လဲတပ်ဖူး ပါသလား။ ဖုန်းတွေမှာ မှန်လဲ တပ်ရတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘဲ၊ ဟာ့ဒ်ဝဲပိုင်း ကျွမ်းကျင် သူတွေသာ လုပ်နိုင်တဲ့ အလုပ် ဖြစ်ပါတယ်။
စမတ်ဖုန်း ထုတ်လုပ်သူတွေ ကလည်း သူတို့ စမတ်ဖုန်းတွေကို user ကိုယ်တိုင် စိတ်ကြိုက် လဲတပ်၊ ပြင်ဆင်နိုင်အောင် မပြုလုပ်ပေး ထားပါဘူး။
ဒါပေမယ့် စမတ်ဖုန်းတွေရဲ့ သမားရိုးကျ ဒီဇိုင်းကို တော်လှန်ပစ်မယ့် စမတ်ဖုန်း တစ်မျိုး ထွက်ပေါ် လာပါပြီ။
Fairphone ရဲ့ ဒုတိယမြောက် မျိုးဆက် စမတ်ဖုန်း၊ Fairphone 2 ဟာ LG G5 အရင် ဈေးကွက်ထဲကို ၀င်လာမယ့်၊ မော်ဂျူး အစိတ်အပိုင်းတွေ လဲတပ်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းဖြစ် ပါတယ်။
မှန်ဘီလူးပိုကောင်းတဲ့ကင်မရာကို လိုချင်ရင်၊ ၀က်အူလှည့်တစ်ခုရှိရုံနဲ့ ကိုယ့်စိတ်ကြိုက်ကင်မရာကို လဲတပ်နိုင်သလို၊ မှန်ကွဲ သွားရင်လည်း ဆိုင်ပို့ စရာမလိုဘဲ၊ ဖုန်းမှန် ၀ယ်ကာ၊ မိမိဘာသာ အလွယ်တကူ တပ်ဆင်နိုင် ပါတယ်။
Fairphone CTO Oliver Hebert ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြသွားတဲ့ဗီဒီယိုအရ၊ Fairphone ရဲ့ မှန်ကို ကိုယ်တိုင်လဲတပ်ဖို့အတွက် ကြာမြင့်ချိန်ဟာ ၂၃ စက္ကန့်ပဲရှိပြီး၊ လဲတပ်ပုံကလည်း လွယ်ကူလွန်းလှတာကို တွေ့ရပါတယ်။
Fairphone 2 ကို သီးခြားအစိတ်အပိုင်းတွေ အမျိုးမျိုး ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ထားပြီး၊ ကာဗာ၊ ဘက်ထရီ တို့အပြင် မိုက်ခရိုဖုန်း၊ စပီကာ၊ USB ပေါက် စတာတွေကိုလည်း တစ်ခုချင်းစီ ဖြုတ်/တပ် ပြုလုပ်နိုင်ပါတယ်။
အစိတ်အပိုင်းမှားဖြုတ်တာမျိုး မဖြစ်အောင်၊ စပီကာ၊ကင်မရာစတဲ့ သင်္ကေတပုံလေးတွေ လည်း ပါရှိပြီး၊ အမှားအယွင်းမရှိ ဖြုတ်တပ်နိုင်ပါတယ်။
Fairphone 2 ဟာ ငါးလက်မအရွယ် HD LCD gorilla glass မျက်နှာပြင်ပါရှိပြီး၊ RAM 2GB ၊ ဖုန်းတွင်းမမ်မိုရီ 32 GB တို့ပါရှိကာ microSD ကတ် 64 GB အထိ ထပ်စိုက်နိုင်ပါတယ်။ Android 5.1 Lollipop စနစ်ဖြစ်ပြီး၊ SIM ကတ် အပေါက်နှစ်ပေါက်ပါရှိပါတယ်။

Fairphone 2 ဖုန်းတွေကို လက်ရှိမှာ အမေရိကန်နိုင်ငံက လွဲလို့၊ ကျန်တဲ့ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ယူရို ၅၂၅ ဈေးနှုန်းနဲ့ ၀ယ်ယူ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
Ref: DailyMail, Hothardware
Originally published at - http://digitaltimes.com.mm/

No comments: