တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

အလိုအလျှောက် မောင်းနှင်နိုင်သည့် နှစ်စီးတွဲ ရွက်လှေ (ရုပ်သံ)




အဏ္ဏ၀ါ သိပ္ပံပညာ ရှင်တွေဟာ မကြာသေး ခင်က အလိုအလျှောက် မောင်းနှင်နိုင်တဲ့ နှစ်စီးတွဲ ရွက်လှေကို ဆဲလ်တစ် ပင်လယ်ထဲမှာ ခရီးနှင်စေ ခဲ့ပါတယ်။ ဆိုလာပြားတွေ လေအားသုံး တာဘိုင်တွေ တပ်ဆင် ထားတာမို့ ဒီရွက်လှေဟာ ကမ်းလွန် ပင်လယ်ပြင်မှာ လပေါင်း များစွာ နေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ချည်းပဲတော့ အလုပ် မလုပ်နိုင်ပါဘူး။ ဒီရွက်လှေနဲ့ အတူ ဒီလို စက်မဲ့ ရေငုပ် သင်္ဘောက တွဲဖက် အလုပ် လုပ်ပေးမှာ ဖြစ်ပါတယ်။

“ဒီပရောဂျက်မှာ ထူးခြားတာက ရေပေါ်သွားနဲ့ ရေအောက်သွားယာဉ် ၂ မျိုးကို ပေါင်းစပ် အသုံးပြု ထားတာ ဖြစ်ပါတယ်။ ရေပေါ် သွားယာဉ်က သင်္ဘော တစ်စင်းလို အလုပ် လုပ်ပြီး ရေပြင်ပေါ်မှာ ဖြစ်ပျက်နေ သမျှ အချက် အလက်တွေနဲ့ ကမ္ဘာ့လေထုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဓိကထားပြီး ကောက်ယူပေး မှာပါ။ ရေအောက်သွား စက်မဲ့ယာဉ်ကတော့ ချဉ်ဖန်ဓာတ်၊ အနည်အနှစ်၊ အပူချိန်နဲ့ ပျော်ဝင်နေတဲ့ ဓာတုပစ္စည်း အလိုက် အလွှာလိုက်ဖြစ်နေတဲ့ ရေထုတွင်းကို တိုးဝင်ပြီး ရေရဲ့ရုပ်ဂုဏ်သတ္တိနဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေကို ပေးမှာပါ။”

ဒီလုပ်ငန်းကို အမျိုးသားအဏ္ဏ၀ါဗေဒဌာနက ကမ္ဘာ့သားငှက်တိရစ္ဆာန်စောင့်ရှောက်ရေးရံပုံငွေ အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ ဝေလနယ်ရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းနဲ့ ဆဲလ်တစ် ပင်လယ်ကမ်းစောင်းပိုင်းမှာ ဘာကြောင့်ဇီဝမျိုးကွဲတွေ တင်းကြမ်းပြည့်နှက်နေရတာလည်း ဆိုတာကို နားလည်ဖို့ သူတို့က ကြိုးစားလေ့လာသွားမှာပါ။

“ဒီတော့ ဇီဝမျိုးကွဲ စုံလင်တဲ့ ဒီလိုအရေးကြီးနေရာတွေဆိုတာ သမုဒ္ဒရာထဲက သိပ်ကို ပေါက်ပွားနှုန်း အားကောင်းတဲ့ နေရာတွေပါ။ ဒီလို ပေါက်ပွားနှုန်းကောင်းတဲ့နေရာတွေက အကောင်မျောလှေး တွေကို စွဲဆောင်တယ်။ သူ့တို့ ရှိနေတဲ့အတွက် ငါးတွေကို စွဲဆောင်ပြန်ရော။ ငါးတွေအစုလိုက် အဝေးလိုက် ရှိလာတဲ့အတွက် အဏ္ဏ၀ါနို့တိုက်သတ္တ၀ါတွေနဲ့ ပင်လယ်ငှက်တွေကို ဆွဲဆောင်တာပေါ့” လို့ တီထွင်သူတွေက ပြောပါတယ်။

စက်မဲ့ယာဉ်ဟာ တော်ပီဒိုပုံသဏ္ဌာန် ရှိပေမယ့် အတော်နှေးနှေးပဲ ရွေ့လျားတာမို့ ဒေတာတွေကို အတိအကျ ကောက်ယူနိုင်ပြီး ဘက်ထရီအားလည်း ၆ လထိ ခံပါတယ်။ ဒီယာဉ်မှာ တပ်ဆင်ထားတဲ့ သိပ္ပံကိရိယာတွေက အများကြီးပဲလို့ ဆိုပါတယ်။

“ကျနော်တို့ သုံးထားတဲ့ဆင်ဆာတွေကတော့ အလင်းအာရုံခံ ကိရိယာတွေပါ။ ဒီကိရိယာတွေနဲ့ လျှပ်ကူးသတ္တိ၊ အပူချိန်၊ ဆားဓာတ်ပါဝင်မှုတွေကို တိုင်းပါတယ်။ ပဲ့တင်သံသုံးရှာဖွေရေးကိရိယာတွေနဲ့ အကောင်မျောလှေးတွေ၊ ငါးတွေကို ထောက်လှမ်းပြီး အသံလှိုင်းသုံး သမုဒ္ဒရာရေစီးနှုန်းတိုင်း ကိရိယာတွေနဲ့ ရေစီးကြောင်းတွေကို တိုင်းတာပါတယ်။ ရောင်ပြောင်းတောက်အလင်း အာရုံခံကိရိယာတွေနဲ့ ကလိုရိုဖီးလ်တွေနဲ့ အော်ဂင်းနစ်ပစ္စည်းတွေကို တိုင်းတာပါတယ်။”

ဒီယာဉ် ၂ စီးတွဲဟာ သိပ္ပံပညာရှင်တွေကို အစာကွင်းဆက်အလွှာအသီးအသီးပေါ်မှာ အချက် အလက်တွေကို တပြိုက်နက်ကောက်ယူနိုင်ဖို့ ရှားပါးအခွင့်အရေးကို ပေးမှာ ဖြစ်ပါတယ်။ ဒီသုတေသနဟာ အနာဂတ်မှာ အဏ္ဏ၀ါပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ ရှေ့ပြေးခြေလှမ်းတွေအတွက် ပိုမို တိကျတဲ့ သတင်း အချက်အလက်တွေ ပေးနိုင်မယ်လို့ သူတို့က မျှော်လင့်ထားပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115980



No comments: