တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

Google.com ကို ဝယ်ပြီး ခဏတာ ပိုင်ဆိုင်လိုက်တဲ့ ကျောင်းသား တစ်ယောက်




မန်ဆာချူးဆက်မှာ ကျောင်းတက်နေတဲ့ MBA ကျောင်းသား တစ်ယောက်ဟာ ကမ္ဘာ့ လူကြိုက် အများဆုံး ဝဘ်ဆိုဒ်ဖြစ်တဲ့ Google.com ကို ဝယ်ပြီး ပိုင်ဆိုင် သွားတယ်လို့ သတင်း ရရှိပါတယ်။

ညသန်းခေါင်ကျော် တစ်နာရီ ခန့်မှာ Sanmay Ved ဟာ Google ပိုင် ဝဘ်ဆိုဒ် စာရင်းသွင်း ဝန်ဆောင်မှုကို လျှောက်ကြည့် နေခဲ့ပါတယ်။ Google ရဲ့ tools အသစ်တွေ ထွက်လာရင်လည်း သူ့ရဲ့အားလပ်ချိန် တွေမှာ လေ့လာဖြစ်နေတဲ့ ပရိသတ် ကောင်လေး တစ်ယောက်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“Domain တစ်ခုကိုဝယ်ဖို့ ရှာတယ်ဆိုရင် interface ဘယ်လိုပြ တယ်ဆိုတာကို သိချင်ရုံသက်သက်ပါ။ လူတိုင်းရဲ့စိတ်ထဲကို ပထမဆုံးဝင်လာတဲ့ domain က ဘာများဖြစ်မလဲ။ Google.com ပဲပေါ့။” လို့ သူကပြောပါတယ်။ Search bar မှာ သူစာရိုက်ပြီးရှာကြည့်လိုက်တဲ့အခါ ဝယ်ယူရရှိနိုင်တဲ့ စာရင်းတွေ ထွက်ရှိလာပါတယ်။

Google.net, google.org, google.co, google.us အားလုံးကို မီးခိုးရောင်မျက်နှာပြထားပါတယ်။ တစ်ယောက်ယောက်က ဒီဝဘ်ဆိုဒ်တွေ ဝယ်ထားပြီးပြီလို့ ပြောတာပေါ့။

ဒါပေမဲ့ Google.com ရဲ့ ဘေးမှာတော့ ပျော်ရွှင်နေတဲ့ အစိမ်းရောင်မျက်နှာပုံလေးပေါ်နေတယ်။ ဒါ ဂရပ်ဖစ်ပိုင်းမှာ ပြဿနာရှိလို့ပဲ၊ ရနိုင်မှာ မဟုတ်ပါဘူးလေဆိုပြီး ဝယ်ကြည့်လိုက်တော့ ဘာ error မှမရှိဘဲ ဝယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီ့အတွက် ကန်ဒေါ်လာ ၁၂ ကျသင့်ပေးချေခဲ့ရပါတယ်။

“ကျွန်တော်လုံးဝ အံ့အားသင့်သွားတယ်။ ကျွန်တော်ထင်တာ တကယ်များဖြစ်သွားပြီလားပေါ့။ ပိုင်ဆိုင်မှုကို ကျွန်တော့်ဆီ လွှဲပြောင်းပေးလိုက်ပြီဆိုတာ အရှင်းကြီး။ အော်ဒါ အောင်မြင်သွားခဲ့တယ်လေ။” လို့ Ved ကပြောပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာပဲ စက္ကန့် ၆၀ ကျော် ကြာပြီးတဲ့နောက်မှာတော့ “Google Domains မှ သင့်အော်ဒါကို ပယ်ဖျက်လိုက်ပါတယ်။ သင့်ကတ်မှ ငွေမကောက်ယူထားပါ။ ” ဆိုပြီး Google ကအီးမေလ် တစ်စောင်ရေးလာပါတယ်။

အီးမေလ်တွေ ပြန်စစ်မယ်ဆိုရင် သူ့ဆီကငွေကောက်ခံပြီး Google.com ကိုပိုင်ဆိုင်ခဲ့တာဟာ တကယ်ပါပဲ။ အကြွေးဝယ်ကတ် ကုမ္ပဏီကနေတဆင့်လည်း စစ်ဆေးနိုင်ပါတယ်။ ၁၂ ဒေါ်လာကို သူ့အကောင့်ထဲ ပြန်လွှဲပေးခံလိုက်ရပါတယ်။ ရိုးသာတဲ့ Ved ဟာ ဒီ ပြဿနာကို Google ရဲ့ လုံခြုံရေးအဖွဲ့ဆီ ပို့ပေးလိုက်ပါတယ်။

Google ရဲ့ စနစ်ထဲမှာ ပြဿနာရှိတာကို ရှာဖွေလိုက်နိုင်တဲ့အတွက် Google က ဆုပြန်ပေးခဲ့ပါတယ်။ ဒီဆုစနစ်ကတော့ ဟက်ကာတိုက်ဖျက်ရေးအတွက် အဓိကဝဘ်ဆိုဒ်တွေပေါ်က Bugs တွေကို သတင်းပေးပို့မှုအတွက် ထားရှိထားတာပါ။

နည်းပညာဗဟုသုတပိုင်းမှာ သုညပါလို့ ပြောတဲ့ Ved ဟာ ဆုလဒ်မုဆိုး မဟုတ်ပါဘူး၊ ပိုက်ဆံလိုချင်လို့လည်း လုပ်ခဲ့တာမဟုတ်ပါဘူးတဲ့။ သူရရှိမယ့် ဆုကြေးတွေကို အိန္ဒိယမှာရှိတဲ့ Art of Living ပညာရေးအစီအစဉ် စီကို လှူဒါန်းခဲ့ပါတယ်။

ဆင်းရဲတဲ့ကလေးငယ်ွေကို ကျောင်းအခမဲ့ထားနိုင်ရေးအတွက် ထောက်ပံ့ပေးနေတဲ့ ပညာရေး အစီအစဉ်တစ်ခုပါ။ သူ့ရဲ့ စိတ်ထားကို Google ကအသိအမှတ်ပြုတဲ့အနေနဲ့ ဆုကြေးကို နှစ်ဆတိုးပေးခဲ့ပါတော့တယ်။

Original link - http://technology.thithtoolwin.com/2015/10/googlecom.html


No comments: