
လူတွေက ကွန်ပျူတာ ဟက်ကာလို့ ပြောရင် အဖွဲ့လိုက် လှုပ်ရှား ကြတယ်လို့သာ သိထားပြီး Sexy ဖြစ်တဲ့ အမျိုးသမီး တွေလည်း ဟက်ကာ ဖြစ်နေလိမ့်မယ်လို့ မထင်ကြပါဘူး။
ဒါပေမယ့် SexyCyborg ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ ဒီ ဟက်ကာကောင်မလေး အကြောင်း သိသွားရင်တော့ ဘယ်လောက် အန္တရာယ် များတယ်ဆိုတာ နားလည်သွားမှာပါ။
ဓါတ်ပုံဝေမျှတဲ့ လူမှု ကွန်ရက် တစ်ခုဖြစ်တဲ့ Imgur မှာတော့ SexyCyborg ဆိုတဲ့ ဟက်ကာမလေးက သူ့ရဲ့ ဒေါက်ဖိနပ် ထဲမှာ ဖွက်ထားတဲ့ အဆင့်မြင့် နည်းပညာ တွေ အကြောင်းကို ဖော်ပြ ခဲ့ပါတယ်။

သူမရဲ့ စစ်ဆင်ရေးတွေ ကတော့ သာမန် ဟက်ကာ တွေထက် အဆင့်မြင့် ပါတယ်။ သူမဟာ သူမ ပစ်မှတ်ဖြစ်တဲ့ ရန်သူတွေရဲ့ ဌာန ချုပ်ကို လှည့်စားပြီး အရင် ၀င်ရောက် ရပါတယ်။ ပြီးတဲ့နောက်မှာမှ ပစ်မှတ် ကွန်ပျူတာတွေကို သူမရဲ့ နည်းပညာမြင့် ဒေါက်ဖိနပ် နဲ့ ဟက်(Hack) လုပ်တာ ဖြစ်ပါတယ်။
"အရင်ဆုံး ပစ်မှတ်နဲ့ အနီးဆုံးမှာ ရှိတဲ့ အမျိုးသား တစ်ယောက်ကို အသုံးချ ရပါတယ်။ အဲဒီ အမျိုးသားနဲ့ ခင်မင် သွားရင် သူတို့ ရုံးခန်း (သို့) ဌာန ထဲကို ၀င်ရောက်ခွင့် ရအောင် လုပ်ရပါတယ်။ အဲဒီ အခါမှာလည်း ကျွန်မကို ဟက်ကာ တစ်ယောက်လို့ သတိ မထားမိအောင် အ၀တ်အစား တွေရဲ့ အကူအညီကို ရယူပါတယ်" လို့ သူမက ဆိုပါတယ်။
SexyCyborg ဟာ တရုတ်နိုင်ငံမှာ အထင်ရှားဆုံး ဘရုစ်လီ မွေးဖွားရာ ဒေသဖြစ်တဲ့ FoShan ဒေသက လာပြီးထို FoShan ဒေသဟာလည်း အရိပ်မဲ့ ခြေထောက်သိုင်း ဆိုတဲ့ ကွန်ဖူး အတတ်ပညာ ပေါက်ဖွားရာ ဒေသ ဖြစ်ပါတယ်။

သူမရဲ့ နည်းပညာမြင့် ဒေါက်ဖိနပ် အတွင်း မှာတော့ USB Keylogger လိုမျိုး ဟက် (Hack) ပြုလုပ်နိုင်မယ့် ကိရိယာတွေ ပါဝင်နေ ပါတယ်။ ထိုကိရိယာ တွေကို အသုံးချပြီး ကွန်ပျူတာနဲ့ ချိတ်ဆက် လိုက်ရုံနဲ့ ကွန်ပျူတာ အတွင်းမှာ အလွယ် တကူ ရှာဖွေ မရနိုင်တဲ့ Password တွေ အပါအ၀င် အရေးကြီး သတင်းအချက် အလက်တွေကို ရယူနိုင်စွမ်း ရှိတယ်လို့ သိရ ပါတယ်။
ဒါ့အပြင်သူမဟာ Pen Testing Device ကို အသုံးပြုပြီး တော့လည်း ကွန်ရက်တွေ ထဲကို ၀င်ရောက် သုံးစွဲနိုင်စွမ်း ရှိတယ်လို့ သိရ ပါတယ်။
တစ်ကယ်တော့ SexyCyborg ဟာ ဟက်ကာ တစ်ယောက် အဖြစ် လုပ်ကိုင်နေရုံတင် မကပဲ အ၀တ်အစား တွေကို နည်းပညာနဲ့ ပေါင်းစပ်မှု ကိုလည်း ဖန်တီးပြီး သူမရဲ့ အကျော်ကြားဆုံး ဒီဇိုင်း ကတော့ မီးအလင်းရောင် ထုတ်ပေးနိုင်တဲ့ စကတ်ပဲ ဖြစ်တယ်လို့ သိရပါတယ်။ SexyCyborg ရဲ့ နာမည် အရင်းကိုတော့ သူမက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ ပါဘူး။
( Mario )
သစ်ထူးလွင်(နည်းပညာ)
Original link - http://technology.thithtoolwin.com/2015/10/sexycyborg-sexy.html

No comments: