
အခုနှစ် ပထမ ၃ လပတ် အတွင်း ဖေ့စ်ဘွတ်ခ် (Facebook) လူမှု ကွန်ရက်က ရရှိခဲ့တဲ့ အမြတ်ငွေဟာ အရင်နှစ် ၃ လပတ် ထက် ၃ ဆမြင့်တက် ခဲ့တဲ့ အတွက် ဖေ့စ်ဘွတ်ခ် အစုရှယ်ယာ တွေလည်း ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ဈေးတက် သွားခဲ့ ပါတယ်။
အခုနှစ် ပထမ ၃ လပတ်အတွင်း အသားတင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကြော်ငြာကနေရတဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး အဲ့ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ မိုဘိုင်းပလက်ဖောင်းတွေက ရခဲ့တာလို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်က အထူးအလေးထားနေတဲ့ Live Video ထုတ်လွှင့်မှုကနေ ကြော်ငြာရှင်သစ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ရဲ့ တခြားဝန်ဆောင်မှုတွေကနေလည်း တိုးတက်ခဲ့ပါတယ်။
စီအီးအို ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်ရဲ့ အစုရှယ်ယာစနစ် အပြောင်းအလဲလုပ်ဖို့ တောင်းဆိုခဲ့ပြီး အဲ့ဒါမှ သူ့ရဲ့ရှယ်ယာတွေကို လိုအပ်တဲ့နေရာတွေကို ငွေလှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။
အခုနှစ် ပထမ ၃ လပတ် ဖေ့စ်ဘွတ်ခ်ရဲ့ အသားတင် အမြတ်ငွေဟာ Wall Street က ကြိုတင်ခန့်မှန်းချက်ထက်ကို အများကြီး မြတ်ခဲ့တဲ့အတွက် ဧပြီ ၂၈ ရက်နေ့က ဖေ့စ်ဘွတ်ခ်ရဲ့ အစုရှယ်ယာတွေလည်း ၉ ရာခိုင်နှုန်း ဈေးတက်ခဲ့ပါတယ်။
လစဉ် ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေဟာလည်း ပြီးခဲ့တဲ့နှစ်ကထက် မြင့်တက်ခဲ့ပြီး လက်ရှိမှာ သုံးစွဲသူဦးရေ ၁ ဒသမ ၆၅ ဘီလီယံ ရှိလာပါတယ်။
ဒါလည်း နည်းပညာကျွမ်းကျင်သူတွေ သုံးသပ်ခန့်မှန်းခဲ့တာထက် ပိုပြီး မြင့်တက်ခဲ့တာပါ။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147375

No comments: