တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 12, 2016

မြန်နှုန်းမြင့် အင်တာနက် ဘာကြောင့် နှေးသလဲ




မိုဘိုင်း အင်တာနက်ကို 4G အမြန်နှုန်းနဲ့ ရပါပြီလို့ အော်ပရေတာ တစ်ခုက ကြေငြာလိုက်ချိန်မှာ မြန်မာ့ အင်တာနက် လောကရဲ့အချိုးအကွေ့ တစ်ခု စပါတယ်။

တကယ်သုံးလို့ ရတဲ့ မြန်နှုန်းမြင့် အင်တာနက်ဟာ 4G ဖြစ်မှာလား။ လူတွေ သို့လော သို့လော တွေးကြ ပါတယ်။ မြန်မာပြည်မှာ မြန်နှုန်းမြင့် အင်တာနက် လို့ခေါ်တဲ့ broadband အင်တာနက်ကို ထူထောင် ခဲ့ဖူးပါတယ်။ လက်တွေ့ အတွေ့ အကြုံ အရ ပြောရမယ် ဆိုရင် ဘယ်တုန်းကမှ Mbps အမြန်နှုန်းနဲ့ ရတာ မတွေ့ဖူးပါဘူး။

တစ်မိနစ် သုံးလေးကျပ်နဲ့ ပေးတဲ့ မိုဘိုင်း အင်တာနက် အမြန်နှုန်း 30 Kbps ထက် လေးငါး ဆယ်ဆလောက် ပိုမြန်တာပဲ ရှိပါတယ်။ တကယ့် broadband အစစ်ကို မမြင်ဘူးတဲ့ လူတွေ ကတော့ broadband အင်တာနက် ပေါ့ဗျာ။ အဲဒီ broadband တွေရဲ့အမြန်နှုန်းဟာ အခုလည်း ထူးပြီး ပိုကောင်း မလာ သေးပါဘူး။ ကနဦး တပ်ဆင်ခ ဈေးကြီးတဲ့ အပြင် 1Mb အတွက် ကုန်ကျ စရိတ် ကလည်း ကြိုက်သလောက်သုံး ကျ သလောက်ရှင်း မိုဘိုင်း အင်တာနက်နဲ့ အပြိုင် ဈေးကြီးပါတယ်။

ဒါဖြင့် မိုဘိုင်း 4G အင်တာနက် ကရော မြန်နှုန်းမြင့် အင်တာနက် ဖြစ်တဲ့ broadband အင်တာနက် ဖြစ်လာ မှာလား။ 4G မြန်နှုန်းမြင့် အင်တာနက်ရဲ့အခြေခံ အမြန်နှုန်းဟာ download 27 Mbps ၀န်းကျင်နဲ့ upload 14 Mbps အမြန်နှုန်း နီးပါး ဖြစ်ပါ တယ်။ အခု လက်ရှိ ထုတ်လွှတ်နေတဲ့ 4G အင်တာနက်ဟာMbps အမြန်နှုန်း ကို တစ်သမတ်တည်း မရသေး ပါဘူး။ တာဝါတိုင် ဝေးတဲ့ နေရာတွေမှာ 3G အမြန်နှုန်း သာသာပဲ ရပါတယ်။

မိုဘိုင်း အင်တာနက်နဲ့ broadband အင်တာနက်ကို စိန်ခေါ်မယ့် Wi-Fi အင်တာနက် ကလည်း ရန်ကုန်မြို့မှာ တဖြည်းဖြည်း တစစ ချဲ့ထွင် လာနေ ပါတယ်။ ဈေးနှုန်း သင့်ပါတယ်။ Wi-Fi အင်တာနက် ရတဲ့ နေရာ တစ်ဝိုက်မှာ သုံးစွဲသူ အတော် အတန် ရှိလို့ သူလည်း Mbps အမြန်နှုန်း တစ်သမတ်တည်း မရသေးပါဘူး။ ဒါပေမယ့် spectrum တွေ ခွဲဝေပေးတဲ့ လုပ်ငန်းစဉ် ပြီးသွားရင် Operator တွေကို သူတို့ နှစ်သက်ရာ ရင်းမြစ်ကနေ အင်တာနက် ရယူ ခွင့်ပေးပြီး သီးခြား Gateway တွေ ဖွင့်ပေး လာမယ် ဆိုရင် လက်ရှိ အင်တာနက် အမြန်နှုန်း ဟာ မိုဘိုင်း၊broadband နဲ့Wi-Fi ဘယ်ခေါင်းစဉ် အောက်မှာ သုံးသုံး လက်ရှိ အမြန်ဆုံးနှုန်းထက် ငါးဆကနေ ဆယ်ဆ အထိ တက်လာဖို့ အကြောင်း ရှိပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာWi-Fi ကနေသုံးတဲ့အင်တာနက်ဟာအနိမ့်ဆုံး17 Mbps ကနေအမြင့်ဆုံး76 Mbps အထိရောက်နေပါပြီ။ မြန်မာပြည်မှာ အဲဒီအခြေအနေရောက်လာရင်ရော သူတို့ပြောထားတဲ့ အမြန်နှုန်း အတိုင်းရနိုင်မှာလား။ မရနိုင်တဲ့နေရာတွေရှိနေပါဦးမယ်။ ဘာကြောင့်မရနိုင်သလဲဆိုတဲ့ကိစ္စကို ကြည့်တဲ့အခါ Local interference ကိုရှေ့ဆုံးမှာ သွားပြီး တွေ့ရပါတယ်။Wi-Fi အင်တာနက် သုံးတဲ့ အခါမှာ နေရာတစ်ခုက ထုတ်လွှတ်ပေးတဲ့ band width ကို မျှဝေပြီးသုံးကြရတာ ဖြစ်ပါတယ်။

အင်တာနက် သုံးတဲ့ အခါမှာ သာမန် website ကြည့်ရုံလောက်၊ Facebook သတင်း ဖတ်ရုံလောက် လူတွေ ရှိသလို အရွယ်အစား ကြီးကြီးဖိုင်တွေကို Upload / download လုပ်တဲ့ လူတွေလည်း ရှိပါတယ်။ အင်တာနက် bandwidth အသုံးကြမ်းတဲ့ လူနဲ့ တော်ရုံသုံးတဲ့ လူတွေဟာ Wireless Channel တစ်ခုတည်း ပေါ်မှာ frequency တစ်ခုတည်း
ပေါ်မှာ သုံးကြမယ် ဆိုရင်အင်တာနက် အမြန်နှုန်းကို အနည်းနဲ့ အများ ထိခိုက်ပါမယ်။

ဒါကြောင့်router ကတစ်ဆင့် Wi-Fi သုံးမယ် ဆိုရင် 2.5 GHz သာမကဘဲ 5GHz ပါသုံးနိုင်တဲ့ နှစ်မျိုးသုံး router ၀ယ်ဖို့ လိုပါတယ်။ လိုင်းကြပ်တဲ့ အခါမှာ 5GHz band ကို ပြောင်းသုံးဖို့ လိုပါတယ်။ သူ့ထဲမှာ တစ်ခုနဲ့ တစ်ခု မထပ်တဲ့ channel ပေါင်း (၂၃)ခု ရှိပါတယ်။ ဒါ့အပြင် တခြား Wireless network တွေကလာပြီး အနှောင့်အယှက်ပေးတာကို ကြုံဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒါကြောင့် Wi-fi network တစ်ခုတည်းမှာ အင်တာနက် သုံးနေရင်တောင် တခြားလူတွေ ကြောင့်အင်တာနက် အမြန်နှုန်း သိသိ သာသာ နှေး တာမျိုး မကြုံနိုင် ပါဘူး။

ဒါ့အပြင်တခြားနည်းလမ်းတစ်ခုက လိုင်းသိပ်မကြပ်တဲ့ channel ထဲကို ပြောင်းသုံးဖို့ ဖြစ်ပါတယ်။ ချောင်တဲ့ လိုင်းကိုရှာဖို့ အတွက် အခမဲ့ရနိုင်တဲ့ Wi-fiinfoview ကိုသုံးနိုင်ပါတယ်။ www.nirsoft.com ကနေ download ချယူ နိုင်ပါတယ်။ Software ကို install လုပ်ပြီးရင် Options ကိုကလစ်နှိပ် ရပါမယ်။ ပြီးရင် Channel mode ကိုရွေးပြီး ကိုယ့်ဆီကို အနီးအနား ကနေလွှင့်ပေးနေတဲ့ Wi-fi လိုင်းဘယ်လောက် ရှိတယ် ဆိုတာကို ရှာရပါမယ်။

Wi-fi လွှင့်ဖို့ အတွက် အများဆုံးရွေးကြတာက 1/6/11 လိုင်းသုံးလိုင်း ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်သုံးနေ တာဟာ အဲဒီသုံးလိုင်းထဲက တစ်ခုခုဖြစ်နေပြီး လိုင်းကလည်းကြပ်
နေတယ် ဆိုရင် router setting ထဲဝင်ကြည့်ပြီး အဆင်ပြေမယ့် လိုင်းတစ်ခုခု ကိုပြောင်းသင့် ပါတယ်။ အင်တာနက်အမြန်နှုန်း နှေးရ တဲ့အကြောင်းရင်းမှာ အိမ်တွင်း အနှောင့် အယှက် တွေကလည်း ပါပါတယ်။

ပြူတင်းပေါက်နားမှာအင်တာနက်သုံးတာနဲ့ အိမ်အတွင်းဖက် အခန်းတစ်ခုခုထဲ ကနေ အင်တာနက်သုံးတာ ကွာမှန်း လူအတော် များများ သဘောပေါက် ပါလိမ့် မယ်။ အိမ်ထဲမှာ ကာထားတဲ့ နံရံတွေက Wi-fi အင်တာနက် အမြန်နှုန်းကို ထိခိုက် စေနိုင် သလိုအနီးအနားမှာ တိုက်အမြင့်ကြီးတွေပိတ်ဆို့နေတာ ကလည်း အင်တာနက် အမြန်နှုန်းကို ထိခိုက်စေ ပါတယ်။

အိမ်ကို အင်တာနက်လွှင့်တဲ့ နေရာနဲ့ နီးအောင်ရွှေ့ဖို့က အမြဲ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကို ပြေလည်ဖို့ အတွက် Wi-fi extender ကို သုံးနိုင်ပါတယ်။ Wi-fi extender တွေ ထဲမှာ Netgear၊ TP-Link နဲ့Link-sys တို့ဟာ စိတ်အချရဆုံး ဖြစ်ပြီး လူကြိုက် များပါတယ်။

အိမ် ဒါမှမဟုတ် ရုံးခန်းထဲမှာ ရှိတဲ့ Micro-wave oven ၊security camera စတာတွေ ကလည်း wireless signal ကို အကြီးအကျယ် ဒုက္ခပေးနိုင် ပါတယ်။ ဒါကြောင့် router ကို အဲဒီ ပစ္စည်းတွေနဲ့ ဝေးရာမှရွှေ့ သုံးသင့် ပါတယ်။ ရွှေ့ဖို့မဖြစ်နိုင်ရင် 5GHz ကို တက်ပြီးသုံးသင့် ပါတယ်။ အင်တာနက်နှေးစေရတဲ့ အကြောင်းထဲမှာ ISP ကနေ အင်တာနက် အမြန်နှုန်း ကန့်သတ် တာလည်း ပါပါတယ်။ အချိန်နဲ့ သုံးတဲ့ မိုဘိုင်း အင်တာနက်ကိုပဲ ကြည့်ပါ။ အမြင့်ဆုံးမြန်နှုန်း 30Kbps ၀န်းကျင်မှာပဲ ရှိအောင် ကန့်သတ် ထားပါတယ်။ အင်တာနက် လူသုံးများ တဲ့ အချိန်မှာ bandwidth တစ်ကြောင်းကို အများဆုံး ဘယ်လောက်ထိပဲ ခွင့်ပြုမယ် ဆိုတာမျိုး တချို့ISP တွေက လုပ်လေ့ ရှိပါတယ်။

တချို့အင်တာနက် အသုံးပြုပုံမျိုး (ဥပမာ facebook ကြည့်တာ) ကို ဦးစား ပေးပြီး တချို့အင်တာနက် အသုံးပြုပုံမျိုး (ဥပမာ ဖိုင်ကြီးကြီးတွေ download ချတာ) ကို ဦးစားမပေး တာမျိုး ရှိပါတယ်။ band width ကန့်သတ်တာဟာ အင်တာနက် သုံးစွဲသူ အားလုံး အတွက် မျှတတဲ့ နည်းလမ်းလို့ ISP တွေက ယူဆ ပါတယ်။

အင်တာနက်သုံး တဲ့ အခါမှာ အနည်းစုသော လူတွေဟာ လုပ်ငန်းသုံး ဖြစ်တာမို့ (ဥပမာfirmware တွေdownload ချတာ) ဖိုင်ကြီးကြီး တွေ download ချရတယ်။ ဒီလိုလူတွေ နည်းနည်းဆို တော်သေးရဲ့။ များလာ ရင် ISP တွေက လုံလောက်အောင် band-width မပေးနိုင်ဘူး။

Internet Download Manager သုံးပြီး လမ်းကြောင်းတွေ တစ်ကြောင်း မက ဖြန့်ကြက် သုံးလာ ခဲ့ရင် လူတိုင်းကို ISP က တစ်ချိန်တည်းမှာ မြန်နှုန်းမြင့် အင်တာနက် မပေးနိုင်
တော့ဘူး။ ဒါကြောင့် အများစုက traffic management လုပ်ပြီး bandwidth တစ်ခုမှာ ရှိအောင်ထိန်းတယ်။ တချို့က ယူတဲ့ အမြန်နှုန်း အပေါ်မူတည်ပြီးအချိုးကျ bandwidth ပေး တာမျိုး ရှိတယ်။ တချို့ကလိုင်းကျပ် တဲ့ အချိန်မှာdata download/upload ဘယ်လောက် ထိပဲ ခွင့်ပြုမယ် ဆိုတာ ရှိတယ်။ သတ်မှတ်ပမာဏ ပြည့်ရင်အင်တာနက်ကို ရိုးရိုးသုံး ရုံပဲခွင့်ပြုတယ်။

Upload / download ကို မြန်နှုန်းမြင့် မပေးတော့ ပါဘူး။ ဒါကြောင့် ISP အပေါ် မူတည်ပြီး အင်တာနက် မြန်နှုန်း အနှေး အမြန် ရှိနိုင်ပါတယ်။ အင်တာနက်နှေးရတဲ့ အကြောင်းထဲမှာ Browser ကလည်း ကဏ္ဍ တစ်ခု အနေနဲ့ ပါတယ်။ တစ်ခါ တလေမှာ pageloading အရမ်းနှေးတယ်။ ဘာကြောင့်လဲ ဆိုရင် Resource အစားအ၀ါး ကြမ်းတဲ့ Adblock Plus လိုဟာ မျိုးက ဘယ်ကြော်ငြာတွေ ခွင့်ပြုမယ်၊ ဘာတွေ ခွင့်မပြုဘူး ဆိုတာခွဲခြမ်း စိတ်ဖြာရင်း အင်တာနက် နှေးနိုင်ပါတယ်။ Flash လို Plug-in မျိုးက လည်း ပြဿနာတွေ ရှိပြီး အင်တာနက် သုံးရာမှာ နှေးကွေး မှုတွေ ဖြစ်စေ ပါတယ်။

Chrome မှာဆိုရင်လည်း Resource အစားကြမ်းတဲ့ tools တွေရှိတယ်။ နောက်ကွယ် ကနေ အလုပ် လုပ်တာမို့ မြင်လည်း မမြင်ရပါဘူး။ Shift နဲ့ESC ကိုနှိပ်ပြီးTask Manager ကို ခေါ်တင်၊ အဲဒီနောက်မှာ Memory Column ကြည့်ရင် ဘာတွေလဲ ဆိုတာ တွေ့ရပါမယ်။

မလိုအပ်ဘဲရှိနေတဲ့Tools နဲ့Plug-in တွေက အင်တာနက် အမြန်နှုန်း နှေးစေတဲ့ အပြင်data ပမာဏကိုပါ ၀ိုင်းသုံးကြ ပါတယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal

Originally published at - https://web.facebook.com/officialmobileguidejournal

No comments: