
ဗြိတိန် နိုင်ငံက တီထွင်သူ တဦးက လေထဲမှာ မီတာ ရာချီ အားပြင်း မောင်းနှင်နိုင်တဲ့ “အိုင်းရွန်းမန်း ပုံစံ” ဂျက်ဝတ်စုံ တစ်စုံကို တီထွင် ခဲ့ပါတယ်။
အင်ဂျီနီယာ / စက်မှု အတတ် လုပ်ငန်း အတွေ့ အကြုံရှိတဲ့ လူသုံးကုန် ပစ္စည်း ကုန်သည်ဟောင်း ရစ်ချက်ဒ် ဘရောင်နင်လို့ ခေါ်တဲ့ အသက် ၃၈ နှစ် အရွယ် ဗြိတိန် အမျိုးသားက စွမ်းအားမြင့် ခန္ဓာကိုယ်မှာ တပ်ဆင် မောင်းနှင်ရတဲ့ ကိရိယာကို သူငယ်ချင်းတွေနဲ့ အပျော် အဖြစ် ၁၈ လကျော်ကြာ အချိန် အတွင်းမှာ တီထွင် ခဲ့တာလို့ သည်ဆန်းရဲ့ မေလ ၂၆ ရက်နေ့သတင်းမှာ ဖော်ပြ ထားတာပါ။
ဒဲဒလက်စ်လို့ အမည်ပေးထားတဲ့ ဒီဂျက်ဝတ်စုံကို ဂက်စ်တာဘိုင် အင်ဂျင် ၆ ခုနဲ့ စွမ်းအင်ရစေပြီး ဒီအင်ဂျင်စက် ၂ ခုကို ဘရောင်နင်ရဲ့ ခါးနဲ့ အင်ဂျင်စက် ၂ ခုစီကို သူ့ရဲ့ လက်တွေမှာ တပ်ဆင်ပြီး ဒီအင်ဂျင်စက်တွေက မြင်းကောင်ရေ ၈၀၀ အားရှိတယ်လို့ ဆိုပါတယ်။
ဘရောင်နင်ကတော့ ဒီဂျက်ဝတ်စုံက “စက်ဘီးတစီးကို ၃ ဖက်မြင် (3-D) စီးနေရတာနဲ့ နည်းနည်းတူတယ်” လို့ ပြောပါတယ်။
သူက မေလ ၂၅ ရက်နေ့မှာ စမ်းသပ်ပျံသန်းပြကာ တနာရီ မိုင် ၃၀ နှုန်းနဲ့ မီတာရာဂဏန်းထိ ပျံသန်းပြပြီး စံချိန်ချိုးပြနိုင်ခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။
“ကျနော်တို့မှာ ဒီထူးခြားတဲ့ စိတ်ကူးရှိခဲ့တယ် ခင်ဗျားတို့အနေနဲ့ လုံးဝကြီးကို မတူတဲ့ လူသားယာဉ်ပျံဆိုတဲ့ စိန်ခေါ်မှုကို ချည်းကပ်နိုင်ကောင်း ချည်းကပ် လုပ်ဆောင်နိုင်မယ်” လို့ ဘရောင်နင်က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒီနည်းပညာကို စစ်တပ်အတွင်းမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စတာတွေမှာ သုံးနိုင်မယ်လို့ ဘရောင်နင်က ယူဆနေပါတယ်။
ဘရောင်နင်က ဆော့ဖ်ဝဲအင်ဂျီနီယာတွေ 3-D ပုံနှိပ်ကျွမ်းကျင်သူတွေ၊ ဂျက်တွန်းကန်မောင်းနှင်အား အထူးကျွမ်းကျင်သူတွေ စတဲ့ပညာရှင်တွေနဲ့ စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်နေပြီး စီမံကိန်းရဲ့ နောက်အဆင့်ကတော့ မူလဝတ်စုံလို့ အမည်ပေးထား ပိုအဆင့်မြင့်တဲ့ ဂျက်ဝတ်စုံကို ပညာရှင်တွေအကူအညီနဲ့ တီထွင်မှာပါ။
“အခုတီထွင်ထားထက် ပိုပြီး နောက်ထပ်အဆင့်မြင့်တီထွင်မယ့် ဂျက်ဝတ်စုံက ပိုပြီး စွမ်းဆောင်နိုင်မယ်၊ နောက်လအနည်းငယ်အတွင်းမှာ ကမ္ဘာကြီးကို ပြသနိုင်မှာပါ” လို့ ဘရောင်နင်က ပြောပါသေးတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/209152

No comments: