
စမတ်ဖုန်း တလုံးမှာ ပါသင့်တာတွေ အားလုံး စုံပြီလို့ ကျနော်တို့ တွေးထားချိန်မှာပဲ Sharp ကော်ပိုရေးရှင်းက သုံးစွဲချိန် ကြာလာတာနဲ့ အမျှ ပိုပြီး ဉာဏ်ရည်မြင့်လာတဲ့ စက်ရုပ်ဖုန်း RoBoHoN (ရိုဘိုဟွန်း) ကို ထုတ်လုပ် လိုက်ပါပြီ။
သုံးစွဲချိန်တိုင်းမှာ ချိတ်ဆက် တုံ့ပြန်မှုတွေ ကနေ သင်ယူပြီး ရလာတဲ့ အချက် အလက်တွေကို cloud စနစ်ထဲမှာ သိမ်းထားနိုင်အောင် ရိုဘိုဟွန်းကို ပရိုဂရမ် သွင်းပေး ထားပါတယ်။
မျက်နှာပေါက် မှတ်သားတဲ့ စနစ် ပါတာမို့ ဓာတ်ပုံ ရိုက်ဖို့ ပြုံးခိုင်းတာမျိုး လုပ်နိုင်သလို ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်နိုင်တဲ့ အပြင် ပုံရိပ်ပရိုဂျက်တာအဖြစ်လည်း အလုပ်လုပ်နိုင်ပါတယ်။
ဒီဖုန်းက တက္ကစီတောင် ခေါ်ပေးနိုင်ပါတယ်။ Sharp ကုမ္ပဏီက ကုနိယုကိ မရုယမ ကတော့ ဒီဇိုင်နာတွေအနေနဲ့ သုံးစွဲသူတွေအဖို့ ရင်းရင်းနှီးနှီး တုံ့လှယ်ဆက်သွယ်နိုင်တဲ့ ဖုန်းတလုံးဖန်တီးဖို့ ဆန္ဒနဲ့ တီထွင်ဖြစ်တာပါလို့ ဆိုပါတယ်။
“ဒီစက်ရုပ်က အပြန်အလှန်တုံ့လှယ်နေတဲ့ နေ့စဉ်ဘ၀မှာ သုံးစွဲသူအကြောင်းကို သင်ယူသွားတဲ့အတွက် ပျော်စရာဘ၀တခုကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။”
တကယ့်ဖုန်းအနေနဲ့ သုံးဖို့ကတော့ ရိုဘိုဟွန်းရဲ့ နောက်ကျောဘက်မှာ ၂ လက်မအကျယ် တပ်ခ်ျ (touch) စခရင်ပါရှိပြီး ဖုန်းခေါ်ဆိုတာတွေ၊ စာပို့တာတွေ၊ အင်တာနက်ကြည့်တာတွေ လုပ်နိုင်ပါတယ်။ ကိုယ့်အိတ်ထောင်နဲ့ မဆန့်ပေမယ့် သွားလေရာသယ်ဖို့ စီစဉ်မယ်ဆိုရင် လည်ပင်းမှာဆွဲသွားဖို့ အိတ်နဲ့ထည့်ဆွဲသွားဖို့ လိုပါတယ်။ တိုကျိုနားက ကုန်စည်ပြပွဲမှာ ရိုဘိုဟွန်းကို ၀င်ကြည့်ဖူးတဲ့ သူတွေအဖို့တော့ ဒါက ပြဿ နာ မဟုတ်ပါဘူး။
“ဒီဖုန်းက ကိုယ့်စကားကို တုံ့ပြန်တာမျိုးတွေလို လုပ်ငန်းအများကြီး လုပ်နိုင်ပါတယ်။ အသုံးချနိုင်မယ့် နည်းလမ်းတွေလည်း အများကြီးပါ။ အရင်တုန်းက မြင်ဖူးမထားတဲ့ နည်းပညာတခုပဲလို့ ထင်ပါတယ်။”
“ဒီစက်ရုပ်ဖုန်းကို တွစ်တာပေါ်မှာ စမြင်ဖူးတာ။ နောက်တော့ တကယ်ထွက်လာတယ်။ ခုတော့ ထင်ထားတာထက်ပိုသေးပြီး ချစ်စရာလည်းကောင်းတယ်။”
ဒီစက်ရုပ်ဖုန်းကို ၂၀၁၆ မှာ ဂျပန်နိုင်ငံက စတိုးဆိုင်တွေမှာ တွေ့ရဖို့ ခန့်မှန်းထားပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/119983
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: