တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 17, 2016

နာဆာ၏ ၂၀၂၀ အင်္ဂါဂြိုဟ် လေ့လာရေး အာကာသယာဉ် တည်ဆောက် နေမှုကို ပြသ


Curiosity 2.0: This Is NASA's Next Mars Rover


ဝါရှင်တန် ၊ ၁၇-၇-၂၀၁၆

၂၀၂၀ခု ပြည့်နှစ်တွင် အင်္ဂါဂြိုဟ် ပေါ်သို့ လွှတ်တင်ကာ စူးစမ်း လေ့လာရေး လုပ်ငန်းများ ကို ဆောင်ရွက် စေမည့် အာကာသယာဉ် အသစ် Curiosity 2.0 တည်ဆောက် နေမှုကို နာဆာ က ထုတ်ဖော် ပြသ ခဲ့ကြောင်း သိရသည်။

" ၂၀၂၀ ပြည့်နှစ်မှာ အင်္ဂါဂြိုဟ် အထူးခရီးစဉ် အဖြစ် လွှတ်တင်သွားမယ့် Curiosity 2.0 ဟာ နာဆာရဲ့ အင်္ဂါဂြိုဟ် စူးစမ်း လေ့လာရေး သိပ္ပံသုတေသန ခန်းမကြီး
ဖြစ်လာပါလိမ့်မယ်။ ရှေးတုန်းက ရှိခဲ့တယ် လို့  ယုံကြည်ရတဲ့ သက်ရှိဘ၀ကို နောက်ဆုံးပေါ် အဆင့်မြင့် ကိရိယာတွေနဲ့ ရှာဖွေ သွားမှာ ဖြစ်သလို အနာဂတ် လူသားများ နေထိုင်နိုင်ရေး အတွက်လည်း အင်္ဂါဂြိုဟ် မျက်နှာပြင်ကို တူးဆွပြီး လေ့လာသွားမှာ ဖြစ်ပါတယ် " ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

" Curiosity 2.0 ကို ၂၀၂၀ နွေရာသီမှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ အင်္ဂါဂြိုဟ် ပေါ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ရောက်ရှိသွား ပါလိမ့်မယ်။ တစ်ချိန်က ရှိခဲ့ဖူးတဲ့ သက်ရှိ ဗက်တီးရီးယား တွေကို ရှာဖွေဖို့ ၊ အင်္ဂါဂြိုဟ် ပေါ်က ကျောက်သားနမူနာ များကို စုဆောင်းဖို့ နဲ့  အင်္ဂါဂြိုဟ် ပေါ်မှာ လူသားတွေ အတွက် အသုံးဝင်နိုင်မယ့် ဘယ်လို သယံဇာတတွေ များရှိမလည်း ဆိုတာ ရှာဖွေဖို့  ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။

ယခု တည်ဆောက်လျက် ရှိသည့် Curiosity 2.0 သည် အင်္ဂါဂြိုဟ်ပေါ် ရောက်နှင့်နေသည့် Curiosity နှင့် ပုံစံခြင်း ချွတ်စွပ် တူညီကြောင်း၊ လက်ရှိ Curiosity သည် အင်္ဂါဂြိုဟ်ပေါ်သို့ ရာက်ရှိကာ စူးစမ်း လေ့လာရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်မှာ လေးနှစ်မြောက်ပြီ ဖြစ်ကြောင်း၊ Gale Crater ချိုင့်ဝှမ်းကြီးနှင့် Mount Sharp ဆင်ခြေလျှော တို့ ကို စူးစမ်း လေ့လာ နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" အာကာသ စူးစမ်း လေ့လာရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့  အာကာသ ယာဉ် တွေကို စေလွှတ်ဖို့ လွယ်ပေမယ့် ကမ္ဘာမြေပေါ် ကို ပြန်လည် ဆင်းသက်စေဖို့  ခက်ခဲပါတယ်။ Curiosity 2.0 ဟာ အင်္ဂါဂြိုဟ် ပေါ်ကနေ လိုချင်တာတွေ ကိုယူပြီး ကမ္ဘာကိုပြန်ပို့  ပေးနိုင်မယ့် ခြေလှမ်းအစ ဖြစ်နိုင်ပါတယ်။ Curiosity 2.0 က မူလ Curiosity နဲ့  ချွတ်စွပ်တူတယ် ဆိုပေမယ့် တိုးတက်မှုတွေ အများကြီး ပါဝင်ပါတယ်။ အင်္ဂါဂြိုဟ် လေထု ပတ်ဝန်းကျင် ထဲကို ၀င်တဲ့အခါ၊ ဆင်းသက်တဲ့ အခါ၊ မြေပြင်ပေါ် ရပ်နားတဲ့အခါ အစစအရာရာ ဟာ အရင်ကထက် သာလွန် ကောင်းမွန် နေပါလိမ့်မယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_3.html

No comments: