
Apple ဟာ ယခုနှစ် ဧပြီလက စပြီး အိန္ဒိယမှာ အိုင်ဖုန်း ထုတ်တော့မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဘန်ဂလိုးမြို မှာ တပ်ဆင် ထုတ်သွားမယ့် အိုင်ဖုန်းကတော့ မျက်နှာပြင် ၄ လက်မ အရွယ် iPhone SE အမျိုးအစား ဖြစ်ပြီး ကာနာတာကာ ပြည်နယ်မှ Apple နဲ့ မိတ်ဖက်ပြု ပူးပေါင်း သွားမယ့် Wistron စက်ရုံကပဲ တာဝန်ယူ တပ်ဆင်ပေး သွားရမှာပါ။
အိန္ဒိယနိုင်ငံမှာ ပထမဆုံး တပ်ဆင် သွားမယ့် iPhone SE မော်ဒယ် အလုံးရေ ဟာ ၃၀၀၀၀၀ ကနေ ၄၀၀၀၀၀ အထိ ရှိမှာ ဖြစ်ပြီး အိန္ဒိယပြည်တွင်းဈေးကွက်ကိုပဲ ပစ်မှတ်ထား ရောင်းချသွားမှာပါ။
iPhone SE မော်ဒယ်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှသလောက် အိန္ဒိယရဲ့ ပျမ်းမျှဈေးနှုန်းအရ တွက်ကြည့်ရင် အတော်လေး ဈေးကြီးတာ ဖြစ်လို့ Apple အနေနဲ့ အိန္ဒိယနိုင်ငံအတွက် သီးသန့် ပြန်ဆင်ထားတဲ့ အိုင်ဖုန်းမျိုးတွေကို ပြန်လည်တင်သွင်း တပ်ဆင်သွားမှာ ဖြစ်ပါတယ်။
Apple ရဲ့ အမြင်မှာတော့ အိန္ဒိယဟာ iPhone ဈေးကွက်ဝေစုအတွက် ကြီးမားလှတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်နေပါတယ်။
ဒီအတွက် Apple ဟာ အိန္ဒိယအစိုးရနဲ့ လပေါင်းများစွာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ယခုနှစ်အစောပိုင်းကစပြီး အစိုးရအဖွဲ့ နဲ့ အပြုသဘောဆောင်ပြီး ကောင်းမွန်အကျိုးရှိတဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့လုနီးပါးဖြစ်ပါတယ်။
Apple ဟာ ကမ္ဘာ့ဈေးကွက်အထိ မှန်းချက်ထားနိုင်တဲ့ ဈေးကွက်တစ်ခုကို ရှာဖွေနေတာ ဖြစ်သလို အိန္ဒိယဟာလည်း Apple ရဲ့ မျှော်မှန်းချက်အတွက် အလင်းရောင်တစ်ခု ဖြစ်နေပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး ကြီးထွားလာနေတဲ့ စမတ်ဖုန်းဈေးကွက်တစ်ခု ဖြစ်နေပါတယ်။
ဒီဈေးကွက်ရဲ့ အလားအလာကို အကြမ်းဖျဉ်းတွက်ချက်ကြည့်ရင် အိန္ဒိယနိုင်ငံဟာ လာမယ့် ၂၀၂၀ မှာ စမတ်ဖုန်းအလုံးရေ သန်း ၇၅၀ အထိ ရောင်းချရမယ့် ဈေးကွက် တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။ Apple အနေနဲ့  အိန္ဒိယမှာ iPhone ရဲ့ ရောင်းအားဟာ နှစ်စဉ် တက်သထက် တက်လာတယ် ဆိုပေမယ့် ဈေးကွက်အရ တရုတ်စမတ်ဖုန်း ကုမ္ပဏီများက အိန္ဒိယဈေးကွက်ကို အသာစီး ရထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ စတုတ္ထသုံးလပတ်ကာလမှာ Apple ရောင်းအားဟာ အိန္ဒိယဈေးကွက်ရဲ့ ၂% ပဲ ရရှိခဲ့ပါတယ်။
ရေရှည်အမြင်နဲ့ ကြည့်မယ်ဆိုရင် ဈေးကွက်အရ iPhone ရဲ့ ဈေးနှုန်းဟာ အိန္ဒိယသာမန်လူတန်းစားတွေ မလိုက်နိုင်အောင် ကြီးမြင့်နေတာ ဖြစ်လို့ Apple အနေနဲ့ အိန္ဒိယ အတွက် သီးသန့် iPhone ဈေးကွက်ကို မဖြစ်မနေ ဖန်တီးရမယ့် အခြေအနေ ရောက်နေလာပြီ ဖြစ်ပါတယ်။
ဒီအတွက် Apple ဟာ အိန္ဒိယအတွက် ရည်ရွယ်ပြီး ပြန်သ ထားတဲ့ iPhone ဟောင်းများကို အိန္ဒိယဈေးကွက်ထဲ ပြန်တင်ပို့ ဖို့  စဉ်းစားထားတာပါ။
ယခုအခြေအနေကတော့ အိန္ဒိယမှာ ပထမဆုံး လှမ်းလိုက်တဲ့ Apple ရဲ့ ခြေလှမ်းဖြစ်ပါတယ် ။ iPhone SE ကို တပ်ဆင်ပြီးသွားတာနဲ့ Apple ဟာ အိန္ဒိယပြည်တွင်းမှာရော အွန်လိုင်းမှာပါ လက်လီအရောင်းဆိုင်များကို တည်ထောင်သွားမှာပါ။
သတင်းကောင်းတစ်ရပ်အနေနဲ့ Apple ဟာ အွန်လိုင်းမှာ သူ့ ရဲ့ ထုတ်ကုန်တွေကို ရောင်းချပေးသွားဖို့  Verizon နဲ့ လည်းသဘောတူညီချက်ရထားပါတယ်။
ဒါ့အပြင် Apple ဘက်ကနေ ကြည့်ရင်လည်း အိန္ဒိယဟာ ရာမဈေးကွက်တစ်ခု ဆိုတာထက် ပိုပါတယ်။ လုပ်သား နဲ့  လုပ်အားကို ဈေးချိုချို နဲ့ လိုသလောက် ရနိုင်တဲ့ အပြင် ဈေးကွက်ဝင် ကုန်ကြမ်းများ ဝယ်ယူခြင်း ၊ ထုတ်လုပ် ဖြန့် ဖြူးခြင်းအတွက် မဟာဗျူဟာကျတဲ့ ကုန်သွယ်ရေးဇုန်သဖွယ် အချက်အချာကျနေပါတယ်။
ဈေးကွက် ဖြန့် ဖြုးမှုသဘောအရ အရှေ့ အာရှကိုပဲ မှီခိုနေရချိန်မှာ Apple အနေနဲ့ ယခုလို iPhone SE ကို အိန္ဒိယမှာ တပ်ဆင်သွားဖို့ စဉ်းစားခြင်းဟာ အနာဂါတ်အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာပါတယ်။
Source: Economics Times
From : Duwun by Nyein Min Wai
Originally published at - http://www.duwun.com.mm/tech/company_news/iphone-id6241718.html

No comments: