
၅ မိနစ် အားသွင်း ရုံနဲ့ အားပြည့်မယ့် ဘတ္ထရီကို အသုံးပြု ထားတဲ့ ဖုန်းတွေကို လာမယ့်နှစ်မှာ ဈေးကွက်တင် ရောင်းချ aတာ့မယ်လို့ သိရပါတယ်။
အစ္စရေးက နည်းပညာ လုပ်ငန်း StoreDot ဟာ Flash Battery လို့ခေါ်တဲ့ ဒီ ၅ မိနစ်နဲ့ အားသွင်း နိုင်တဲ့ ဘတ္ထရီကို ၂၀၁၅ ခုနှစ် လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ နည်းပညာ ပြပွဲမှာ ပြသခဲ့တာပါ။
ကုမ္ပဏီ စီအီးအို ဒိုရွန် မိုင်ယာစ်ဒေါ့ဖ်က သူတို့အနေနဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းလောက်မှာ ဒီဖုန်းတွေကို ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် နည်းပညာကျွမ်းကျင်သူ ဘန်ဝုဒ်က ဒီလို ထုတ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီနည်းပညာကို အသုံးပြုဖို့ ဘယ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားလဲဆိုတာကိုတော့ မိုင်ယာစ်ဒေါ့့ဖ်က မပြောခဲ့ပါဘူး။
အဲဒီဘတ္ထရီမှာ ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုတွေကို ခွင့်ပြုတဲ့ ပစ္စည်းတွေ ပါဝင်ပြီး၊ ဘတ္ထရီအားသွင်းတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ အိုင်းယွန်းတွေ အန်းနုတ် (anode) ကနေ ကက်သုတ် (cathode) ဆီ စီးဆင်းမှုကို မြန်မြန် ဆောင်ရွက်ပေးနိုင်မယ်လို့ ၂၀၁၅ ခုနှစ်မှာ ဒီကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
တည်ဆောက်ပုံ အင်မတန်သေးငယ်တဲ့ နာနိုပစ္စည်းတွေ၊ အမည်မဖော်ပြတဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေလည်း ဒီ ဘတ္ထရီထဲမှာ ပါဝင်ပါတယ်။
၂၀၁၅ ခုနှစ် ပြသတုန်းက တစ်ချို့ ဘတ္ထရီတွေဟာ စမတ်ဖုန်းအများစုမှာ သုံးနေတဲ့ ဘတ္တရီတွေထက် ကြီိးနေပေမယ့် လက်ရှိမှာတော့ ဈေးကွက်အတွက် အဆင်သင့်ဖြစ်နေကြောင်း၊ အာရှ ဘတ္ထရီထုတ်လုပ်ရေးလုပ်ငန်း ၂ ခုနဲ့ ရှေ့ပြေး ထုတ်လုပ်မှုတွေ လုပ်နေပြီး ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်မှာ စီးပွားဖြစ် ထုတ်လုပ်သွားမှာဖြစ်ကြောင်း မိုင်ယာစ်ဒေါ့ဖ်က ပြောကြားခဲ့ပါတယ်။
Ref: BBC
From : M-Media by Ko Lay
Originally published at - http://www.m-mediagroup.com/news/67937

No comments: