တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 1, 2017

သုံးစွဲသူ သန်းနှစ်ထောင် ရှိတော့မယ့် Facebook




ကမ္ဘာပေါ်မှာ လူသုံး အများဆုံး ဆိုရှယ် မီဒီယာကို ပြောပါ ဆိုရင် Facebook ကိုပဲ ညွှန်းကြ ပါလိမ့်မယ်။ ယခုနှစ် ပထမ သုံးလပတ် ကာလ အကြို ဘဏ္ဍာရေးနှစ် သုံးသပ်ချက်များ အရ Facebook ဟာ လစဉ် သုံးစွဲသူ သန်းပေါင်း ၁၉၀၀ နီးပါး ရှိနေပြီလို့  ဆိုပါတယ်။

မကြာခင်မှာ Facebook သုံးစွဲသူ အရေအတွက်ဟာ လူဦးရေ ၃၂၃ သန်း ကျော်ရှိပြီး ကမ္ဘာ့တတိယ လူဦးရေ အများဆုံးဆိုတဲ့ အမေရိကန်နိုင်ငံထက် ၆ ဆကျော် ၇ ဆနီးပါး ပိုများလာဖို့ ရှိနေပါတယ်။

သုံးစွဲသူဦးရေ တဟုန်းထိုး တက်နေတဲ့ Facebook ဟာ ဝင်ငွေအနေနဲ့ လည်း ယခုတစ်ပတ်ထဲမှာ ၄၅% တက်လာနေပါတယ်။ ယခုနှစ် ပထမ သုံးလပတ် အတွင်း Facebook ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၇.၈ ဘီလျံ (ပေါင် ၆ဘီလျံ) အထိ ရှိနေပြီး အမြတ်ငွေ ဒေါ်လာ ၃.၃ သန်း ရရှိနေပြီလို့ ခန့် မှန်းရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ကာလတူဝင်ငွေထက် ၇၂% တက်လာတာ ဖြစ်ပါတယ်။ Facebook ဟာ ဝင်ငွေပိုင်း တိုးတက်မှုတွေ ရှိထားပေမယ့် ဖိအားအသစ်အသစ်များ နဲ့ ရင်ဆိုင်နေရပါတယ်။

မကြာသေးမှီ ကပဲ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ဟာ Facebook Live feature ပေါ်မှာ အကြမ်းဖက် မှုများနဲ့ သတင်းတု သတင်း မှားများ အကြောင်း ဖြေရှင်းပေး သွားမယ်လို့ ကတိပြုထားပါတယ်။

လက်ရှိမှာ Facebook ကို လစဉ်ပုံမှန်သုံးစွဲသူ အကြမ်းဖျဉ်းအားဖြင့် သန်းပေါင်း ၁၈၆၀ ကျော် ရှိနေပြီး Facebook မှ ပိုင်ဆိုင်ထားတဲ့ တစ်ခြားဆိုရှယ်မီဒီယာများ ဖြစ်တဲ့ WhatsApp ဟာ သုံးစွဲသူ သန်းတစ်ထောင် ၊ Instagram မှာ သန်းပေါင်း ၇၀၀ နဲ့ Twitter မှာ လစဉ်သုံးစွဲသူ ၃၂၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရရှိထားတဲ့ အချက်အလက်များ ဖြစ်ပြီး ဒီနေ့ အချိန်မှာတော့ လစဉ်သုံးစွဲသူ စာရင်းဟာ တဟုန်းထိုး မြင့်တက် လာနေပြီ ဖြစ်ပါတယ်။

Facebook ဟာ LinkedIn လို အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ကြီးကို ယှဉ်ပြိုင်ဖို့ features သစ်များ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ စမ်းသပ်ဖြန့် ချိပြီးနောက် အခုဆို စီးပွားရေးလုပ်ငန်းပေါင်း ၆၅ သန်းရဲ့ Facebook စာမျက်နှာများဟာ Facebook ပေါ် ရောက်လာခဲ့ပြီလို့ ဆိုပါတယ်။

Facebook ရဲ့ ထုတ်ပြန်ချက်အရ Facebook ပေါ်မှာ ပုံမှန်ကြေငြာသူပေါင်း ၅ သန်းကျော် နဲ့  Instagram မှာလည်း လုပ်ငန်း profile ကဏ္ဍပေါင်း ၈ သန်း ရှိနေပြီ ဖြစ်လို့ ကြေငြာနဲ့ ဈေးကွက်စီးပွားကို အကြီးအကျယ် မြှင့်တင်လိုတဲ့ Facebook အတွက် အလားအလာကြီးကြီးမားမား ရှိထားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း သုံးစွဲသူ သန်းပေါင်း ၁၉၀၀ နီးပါးရှိလာပြီးနောက် လစဉ်သုံးစွဲသူဦးရေ မြင့်တက်လာနေတဲ့ Facebook အတွက် လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း သုံးစွဲသူဦးရေ သန်းပေါင်း နှစ်ထောင်အထိ ရှိလာတော့မယ်လို့ ယူဆနေကြပါတယ်။

From : Duwun by Nyein Min Wai

Originally published at - http://www.duwun.com.mm/tech/company_news/facebook-id6609262.html

No comments: