တီထွင်ဖန်တီးမှုသတင်း၊ နည်းပညာသတင်း၊ ဆော့ဝဲများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, July 23, 2016

USB ကြိုးကို သဘောရိုး မမှတ်ပါနဲ့




ဖုန်းတွေကို USB ကြိုးနဲ့ တွဲပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် အားသွင်းလို့ ရတယ်ဆိုတာ လူတော်တော် များများ သိပါတယ်။ ဒါပေမဲ့ ကတ်စပါ စကီး (Kaspersky) စမ်းသပ်ခန်းက ပညာရှင်တွေ ကတော့ ဖြစ်နိုင်တဲ့ နောက်ထပ် ကိစ္စ တစ်ခုကိုလည်း ထပ်သိ ထားပါ သေးတယ်။

စမ်းသပ်ချက်ရဲ့ တစ်စိတ် တစ်ဒေသ အနေနဲ့ ကျွမ်းကျင် သူတွေဟာ အသုံးများတဲ့ Android နဲ့ iOS ဗားရှင်းများ ပါဝင်သော စမတ်ဖုန်း အတော် များများ အသုံးပြုပြီး စမ်းသပ် ခဲ့ပါတယ်။ Windows ကွန်ပြူတာတွေ Mac ကွန်ပြူတာ တွေမှာ အားသွင်းရင် ဘယ်လို အချက် အလက်တွေ ရနိုင် သလဲဆိုတာ သိဖို့ပေါ့။

ဒီအခါမှာ ဖုန်းတွေဟာ ကွန်ပျူတာ တွေနဲ့ ချိတ်ဆက် လိုက်သည့် စစချင်း အချိန် (Handshake ကာလ) မှာပင် ပစ္စည်း၏ အမည်၊ ပစ္စည်းထုတ်သည့် ထုတ်လုပ်သူ၊ ပစ္စည်း အမျိုးအစား၊ Serial နံပါတ်၊ Firmware နဲ့ဆိုင်တဲ့ အချက် အလက်တွေ၊ OS ရဲ့ အချက် အလက်တွေ၊ Filesystem စာရင်းတွေကို ထုတ်ပြ နေတာ တွေ့ခဲ့ ရပါတယ်။

ဒီလို စစချင်းချိတ်တဲ့အချိန် ပေးတဲ့ အချက်အလက်တွေက ပစ္စည်းနဲ့ ဆိုင်သလို ချိတ်လိုက်တဲ့ ကွန်ပျူတာနဲ့လည်း သက်ဆိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ အခြေခံ အားဖြင့်တော့ ပစ္စည်း အမျိုးအစား၊ ပစ္စည်းအမည်၊ ထုတ်လုပ်သူနဲ့ Serial နံပါတ်တွေ ကတော့ ဖုန်းတိုင်း ပေးတတ် ပါတယ်။

ဒါက လုံခြုံရေးကိစ္စ ဟုတ်လို့လား။ တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်သောအားဖြင့်တော့ ဟုတ်နေပါတယ်။ လူတိုင်းနီးပါး ဖုန်းမရှိပေမဲ့ ကွန်ပျူတာရှိတဲ့သူတိုင်းတော့ ဖုန်းရှိနေတဲ့ အခြေအနေမှာ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်တာမျိုးက လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စတစ်ခုပါပဲ။ တိုက်ခိုက်လိုသူတွေအနေနဲ့ ဘယ်အမျိုးအစားမှန်းမသိတဲ့ ဖုန်း တစ်လုံးကို ဘယ်လို တိုက်ခိုက် ရမယ် ဆိုတာ မသိပါဘူး။ ဖုန်းအမျိုးအစား အလိုက်၊ သုံးထားတဲ့ OS အလိုက်ပဲ Exploit ရွေးရ တာကြောင့်ပါ။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် တုန်းက Black Hat ကွန်းဖရင့် မှာ အားသွင်းတဲ့ Charger အတုကနေ ဖုန်းထဲက အချက်အလက်တွေ ခိုးယူလို့ရတယ်ဆိုတာ ပြခဲ့ဖူးပါတယ်။ အခု ၂၀၁၆ အရောက်မှာတော့ သာမန် ကွန်ပျူတာ တစ်လုံးနဲ့ USB ကြိုးတစ်ချောင်း ကနေ AT Command တွေသုံးပြီး ဖုန်းကို Re-Flash ပြန်လုပ် (ပြုပြင်ထားတဲ့ OS ပြန်တင် တာမျိုး၊ ရှိရင်းစွဲ OS ကို လိုချင်တဲ့ လုံခြုံရေး အားနည်းချက်ရှိတဲ့ အနေအထား ရောက်အောင် ပြင်လိုက် တာမျိုး) ပြီးဖြစ်ဖြစ် OS ကသုံးတဲ့ Application တစ်ခု အနေနဲ့ Malware တွေ ထည့်လို့ ရသွား စေပါတယ်။ ဒါမှ မဟုတ်လည်း လက်ရှိ လုံခြုံရေး စနစ်တွေကို ကျော်ခွပြီး ဖုန်းထဲက အချက် အလက်တွေကို ကူးယူခွင့် ရသွား စေနိုင် ပါတယ်။

"ဖုန်းတစ်လုံးဟာ USB ကြိုးကနေ Malware ကူးစက်ခံရနိုင်တယ်ဆိုတာ သက်သေပြပြီးတာ ၂ နှစ်ရှိပါပြီ။ အံ့ဩစရာကောင်းတာကတော့ အခုအချိန်မှာလည်း ဒီအယူ အဆက မှန်ကန်နေ ဆဲပါဘဲ။ အန္တရာယ် ကတော့ ရှင်းပါတယ်။ သာမန် ဖုန်းအသုံးပြု သူ တစ်ယောက်အနေ နဲ့ကတော့ ဖုန်းရဲ့ ပစ္စည်းအိုင်ဒီ (ID) တွေ ထုတ်လုပ် သူတွေကို ခြေရာ ခံပြီးတော့ Adware တွေ Ransomware တွေ ပို့ဖို့ သုံးနိုင် ပါတယ်။

ဒါပေမဲ့ ကုမ္ပဏီကြီးကြီးတစ်ခုက နေရာကောင်းကောင်းနဲ့ လူဆိုရင်တော့ ကြေးစားဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်လာမှာပါ။" လို့ ကတ်စပါစကီး လက်တွေ့ခန်းက သုတေသီတစ်ယောက်ဖြစ်တဲ့ Alexey Komarov က ပြောထားပါတယ်။ "ကိုယ့်အချက်အလက်တွေ ရသွားတဲ့ ဟက်ကာက အဆင့်မြင့်ကျွမ်းကျင်မှု မရှိဘူး ဆိုရင်တောင်
ဈေးကွက်ကိုသိရင် Dark Web မှာ ဒီအချက်အလက်က ဈေးကောင်းရပါတယ်။

USB ကနေဖြစ်နိုင်တဲ့ ဒီလိုအန္တရာယ်တွေကို ကာကွယ်နိုင်ဖို့ အောက်မှာရေးထားတဲ့အချက်တွေကို သတိချပ်ဖို့ လိုပါမယ်။

  • ကိုယ်မသိတဲ့ မယုံရတဲ့ အားသွင်းပေါက်တွေ၊ ကွန်ပျူတာတွေမှာ အားမသွင်းပါနဲ့။
  • ဖုန်းကို စကားဝှက်သုံးထားပါ။ ဒါမှမဟုတ် လက်ဗွေစစ်တာ၊ မျက်နှာဖတ်တာ စတဲ့ သရုပ်ခွဲတဲ့ နည်းတစ်မျိုးမျိုး သုံးထားပါ။ အားသွင်းလိုက်တာနဲ့ ဖုန်းပါပွင့်သွားတာမျိုး မဖြစ်ပါစေနဲ့။
  • ဝှက်စာသွင်းအချက်အလက်တစ်ခုခု၊ Locker App တစ်ခုခုသုံးပြီး အရေးကြီးအချက်အလက်တွေကို သိမ်းထားပါ။
  • ဖုန်းနဲ့ ကွန်ပျူတာတွေမှာ Anti-Virus တစ်မျိုးမျိုး တင်ထားပါ။ ဝယ်သုံးရတဲ့ ဆော့ဖ်ဝဲလ်မှ ကောင်းတာမဟုတ်ပါဘူး။ အခမဲ့ရပြီး စွမ်းဆောင်ရည် မြင့်တဲ့ ဆော့ဖ်ဝဲလ်
    တွေလည်း အင်တာနက်မှာ ရနိုင်ပါပြီ။

21-7-2016
သတင်းစီစဉ် တင်ဆက်သူ - Nub90d (MEHN Team)

Originally published at - http://www.mehn-mm.com/2016/07/usb.html

No comments: